စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် Virtual အစီအစဉ်ဖြင့်ကျင်းပပြုလုပ်သည့် (၂၆) ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

နေပြည်တော် ၊  ဧပြီ ၈

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက် (၇:၃၀) နာရီတွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့်  (၂၆) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေး၊ (၈) ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်သည့် ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအစည်းအဝေးများကို “ASEAN A.C.T.: Addressing Challenges Together” ဆောင်ပုဒ် ဖြင့် ကျင်းပဆောင်ရွက်လျက်ရှိပါသည်။

ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးတွင် အာဆီယံနိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါအလွန်ကာလတွင် ရေရှည်ခံနိုင်ရည်ရှိပြီး စဉ်ဆက်မပြတ် တိုးတက်မှုရရှိစေနိုင်သော အားလုံးပါဝင်ဆောင်ရွက်သွားရမည့် နည်းလမ်းများအား ရှာဖွေဖော်ထုတ်နိုင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ မသေချာမှုများရှိနေသော်လည်း အာဆီယံအသိုက်အဝန်းအား ညီမျှသော၊ ခိုင်မာသော၊ အားလုံး ပါဝင်မှုရှိသောရပ်ဝန်းတစ်ခုအဖြစ် ဖော်ဆောင်နိုင်ရေးတို့အတွက် အာဆီယံဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အာဆီယံဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေရရှိနိုင်ရေး၊ အာမခံလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံ သဘာဝဘေးစီမံခန့်ခွဲမှုအတွက် ဘဏ္ဍာငွေရရှိနိုင်ရေး၊ အာဆီယံအကောက်ခွန်နှင့် အခွန်ဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံဒေသတွင်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ငွေကြေးပံ့ပိုးနေမှုများကို ပူးပေါင်းတိုက်ဖျက်ရေး စသည်တို့ပါဝင်ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပါဝင်ဆွေးနွေးရာ၌ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကို တုံ့ပြန်ဆောင်ရွက်ရာတွင် တစ်နိုင်ငံချင်းအလိုက်သော်လည်းကောင်း၊ အာဆီယံဒေသအလိုက်သော်လည်းကောင်း တုံ့ပြန်ဆောင်ရွက်ကြသကဲ့သို့ မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍လည်း တုံ့ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံဒေသတွင်း ဘဏ္ဍာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု၊ ဘဏ္ဍာရေးဝန်ဆောင်မှု ဆိုင်ရာဖြေလျှော့ပေးမှုများနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများတွင် သိသာသည့် တိုးတက်မှုများ ရှိခဲ့ပါကြောင်း၊ ASEAN Framework Agreement on Service နှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ဆောင်မှုများဖြေလျှော့ပေးရေးဆိုင်ရာ နဝမအကျော့ ကတိကဝတ်များ အတည်ပြုသတ်မှတ်နိုင်ရေးလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံမှလည်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊

မြန်မာအစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏သက်ရောက်မှုကြောင့် ထိခိုက်မှုများကို ကုစားနိုင်ရန် မူဝါဒအစီအမံများချမှတ်၍ တုံ့ပြန်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်တွင် နိုင်ငံ စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ နိုင်ငံတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု နှုန်းကျဆင်းလာမှု၊ ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်တက်လာမှု၊ ယခင်ကထက် ပိုမိုတည်ငြိမ်လာမှု၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာမှုတို့ကြောင့် ယခုဘဏ္ဍာရေးနှစ်တွင် သင့်တင့်သောစီးပွားရေးတိုးတက်မှုနှုန်းရရှိလာမည်ဟု မျှော်လင့်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ စိန်ခေါ်မှုများ အတွက်  ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ကြရာတွင် ထိရောက်သည့် ပြည်သူ့ကျန်းမာရေးဆောင်ရွက်ချက်များအတွက် လုံလောက်သည့် ဘဏ္ဍာရေးပံ့ပိုးမှုများအပါအဝင် စီးပွားရေးပြန်လည်ထူထောင်ရေးဆိုင်ရာအစီအစဉ်များ အကောင်အထည်ဖော်ရေးအတွက် အာဆီယံ ၏ မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးအတွက် အရေးကြီးသည့် အခန်းကဏ္ဍဖြစ်ပါကြောင်း၊ ယင်းသို့ နီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများကို အာဆီယံ၏စုပေါင်းအားဖြင့် ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သည့်အခြေအနေကောင်းများ ဖန်တီးပေးနိုင်ရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပါဝင်ဆွေးနွေးခဲ့ပါသည်။

အဆိုပါအစည်းအဝေးနှင့်အတူ ဆက်စပ်အစည်းအဝေးများအဖြစ် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်အကြီးအကဲများနှင့် နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းများ ဖြစ်ကြသည့် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အာရှအခြေခံ အဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုဘဏ်၊ အာဆီယံ+၃ မက်ခရိုစီးပွားရေးသုတေသနရုံးတို့နှင့် အစည်းအဝေး၊ ASEAN Business Advisory Council နှင့် US-ASEAN Business Council, EU-ASEAN Business Council တို့နှင့်အစည်းအဝေးများကိုလည်း ကျင်းပခဲ့သည်။ ဆက်စပ်အစည်းအဝေးများတွင် ကမ္ဘာလုံး ဆိုင်ရာနှင့် ဒေသဆိုင်ရာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ အခွင့်အလမ်းများနှင့် ဆုံးရှုံးနိုင်ခြေရှိမှုများ၊ ပြန်လည်ထူထောင်ရေးအစီအစဉ်များ ရေးဆွဲချမှတ်အကောင်အထည်ဖော်ရာတွင် ဒေသတွင်းလူ့စွမ်းအားနှင့် အရင်းအမြစ်များအား ထိရောက်စွာ ခွဲဝေအသုံးချရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်ရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာမိတ်အဖွဲ့ အစည်းများ၊ ဒေသတွင်းနှင့် နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

ယခုအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အာဆီယံအတွင်းရေးမှူးချုပ်၊ နိုင်ငံတကာငွေရေးကြေးရေး အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် အဆင့်မြင့်အရာရှိကြီးများ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စီစဉ်ကျင်းပသော ကိုဗစ်-၁၉ ကပ်ရောဂါအလွန် စီးပွားရေး ပြန်လည်ထူထောင်မှုအတွက် ဘဏ္ဍာရေးအရင်းအမြစ်များ ခွဲဝေသုံးစွဲရေးကို ဦးတည်ဆောင်ရွက်မည့် စဉ်ဆက်မပြတ် ဘဏ္ဍာရေးတောင့်တင်းခိုင်မာမှုဆိုင်ရာ Showcase Event သို့လည်း အခြား အာဆီယံနိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ ယင်းအစီအစဉ် တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်ခံခဲ့ရသည့် အာဆီယံဒေသစီးပွားရေး ပြန်လည် ဦးမော့ လာစေရေးနှင့် ကုန်သွယ်မှုပြန်လည်တိုးမြှင့်နိုင်ရေးအတွက် ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် ဘဏ္ဍာရေးအရင်းအမြစ်များ ရှာဖွေဖော်ထုတ်အသုံးချနိုင်ရေးနည်းလမ်းများကို ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

လာမည့် ၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် (၂၇) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ် အလှည့်ကျသည့် အင်ဒိုနီးရှားနိုင်ငံ က လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။                                           
သတင်းစဉ်