စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဉက္ကဋ္ဌ တို့နှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ Mr. Bulochnikov Anatoly Mikhailovich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးခြင်း

နေပြည်တော်၊ အောက်တိုဘာလ ၂၇ ရက်နေ့

     စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းတို့သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး အသင်း၏ ဒုတိယဥက္ကဋ္ဌ Mr. Bulochnikov Anatoly Mikhailovich ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ ၍ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။ ယင်းသို့ဆွေးနွေးရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံပိုင် ဘဏ်များနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ က မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြီးကြပ်ဆောင်ရွက်နေသည့် ပြည်တွင်းနှင့် ပြည်ပဘဏ်များ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားပါသည်။

     ယင်းနောက် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း၏ ဒုတိယ ဥက္ကဋ္ဌ Mr. Bulochnikov Anatoly Mikhailovich က ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှင့် မြန်မာနိုင်ငံ တို့အကြား အစိုးရကဏ္ဍ ပုဂ္ဂလိကကဏ္ဍတို့တွင် စနစ်တကျပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် နှစ်နိုင်ငံ အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအား အဆင်ပြေစွာ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရုရှား-မြန်မာ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းကော်မတီ ဖွဲ့စည်းဆောင်ရွက် နိုင်ရေးအတွက် အဆိုပြုပါကြောင်း၊ အဆိုပါကော်မတီတွင် နှစ်နိုင်ငံဖက်မှ သင့်လျော်သည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု များကို ဆောလျင်စွာ အကောင်အထည်ဖော်ရန် မျှော်လင့်ပါကြောင်းတို့ကို ဆွေးနွေးပြီး၊ ဘဏ္ဍာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အဆိုပြုလုပ်ငန်းစဉ်များအား Power Point နှင့် ရှင်းလင်း တင်ပြခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ ဦးတည်ချက် (၉) ရပ် ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စအတွက် ကြိုဆိုပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ရုရှား-မြန်မာဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းကော်မတီ ဖွဲ့စည်းဆောင်ရွက်မည့်ကိစ္စကို လက်ခံပါကြောင်း၊ နှစ်နိုင်ငံဖက်မှ ပါဝင်သင့်သည့် ပုဂ္ဂိုလ်များ ပါဝင်ရေးအတွက်လည်း နှစ်ဖက်အဆိုပြုညှိနှိုင်း ဆုံးဖြတ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကော်မတီဖွဲ့စည်းပြီးနောက် အသေးစိတ်ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန် သက်ဆိုင်ရာနိုင်ငံများ၏ ဘဏ်နှင့် ငွေရေးကြေးရေးဆိုင်ရာ ဥပဒေမူဝါဒလုပ်ထုံးလုပ်နည်းများ နှင့်အညီ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးပါသည်။

     ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းက ရုရှား-မြန်မာ နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်ရန် ဖြစ်နိုင်သည့် နယ်ပယ်များတွင် အတူတကွ လက်တွဲဆောင်ရွက် ရန် ဖြစ်ပါကြောင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စများအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုဘဏ် နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်ဘက် သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ဆောင်ရွက်နေသည့် အခြေအနေများကို ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

     အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် သက်ဆိုင်ရာဌာန အကြီးအကဲများလည်း ပါဝင်တက်ရောက်ခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲအား နေ့လယ် (၁၂:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်