စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (၂၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃/၂၀၂၀) ကျင်းပ

                စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၂၇) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၃/၂၀၂၀) ကို မေလ ၂၆ ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီချိန်တွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

          အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ၏ ဘဏ်မဟုတ်သော ငွေရေးကြေးရေးကဏ္ဍ (Non-Bank Financial Industry-NBFI) တွင် အာမခံလုပ်ငန်းကဏ္ဍသည် အရေးပါသော အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်လျက်ရှိကြောင်း၊ ဘဏ်လုပ်ငန်းမှ စုဆောင်းငွေများ၊ အာမခံလုပ်ငန်းများမှ အာမခံပရီမီယံဝင်ငွေများကို ဆုံးရှုံးနိုင်ခြေရှိမှု (Risk-Free Financial Product) မရှိသလောက်နည်းပါးသည့် အစိုးရငွေတိုက်စာချုပ်များ ဝယ်ယူခြင်း၊ အခြားသင့်လျော်သည့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်၍ တိုင်းပြည်၏ စီးပွားရေးတည်ငြိမ်မှုနှင့် စီးပွားရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် အထောက်အကူပြု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အာမခံအမျိုးအစားသစ်များ ခွင့်ပြုရန်ကိစ္စ၊ ကော်ပိုရိတ်အာမခံကိုယ်စားလှယ်လိုင်စင်များ ခွင့်ပြုရန်ကိစ္စ၊ အာမခံကိုယ်စားလှယ် အရည်အချင်းစစ်စင်တာမှ ကောက်ခံရမည့် စာမေးပွဲကြေး သတ်မှတ်ရန်ကိစ္စ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများမှ  အာမခံဝန်ဆောင်မှုပေးရန် ခွင့်ပြုသည့်ကိစ္စများကို အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များမှ ဆွေးနွေးဆုံးဖြတ်ပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်သော မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက အမှာစာများအပေါ် ဝိုင်းဝန်းဆွေးနွေး အတည်ပြုဆုံးဖြတ်ပေးကြပြီး ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။