စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ နေပြည်တော်ကောင်စီဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ၏ လစဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၃/၂၀၁၇)ကျင်းပပြုလုပ်

နေပြည်တော် ဇွန် ၅

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌   ယနေ့နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၏ လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ ကုန်သွယ်ရေးလိုငွေ (Trade Deficit) လျှော့ကျစေရန်အတွက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ လိုအပ်ချက်များနှင့် မျှော်မှန်း ချက်များအား လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သွင်းကုန် အစားထိုး (Import Substitution) လုပ်ဆောင်နိုင်မည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ပိုမိုဦးစားပေး ဆောင်ရွက်ရမည့်အပြင် ပို့ကုန်မြှင့်တင်နိုင်မည့်လုပ်ငန်းများ (Export Promotion) ကိုလည်း ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက်  လိုအပ်သည့် နည်းပညာများ၊ စီမံခန့်ခွဲမှု အပိုင်းများကိုလည်း ဆက်စပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် သက်ဆိုင်သည့် Supply Chain တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရန်၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် ချေးငွေများ ရရှိရေး ဆောင်ရွက်ရန်၊ စိုက်ပျိုးစရိတ်ချေးငွေများအပြင် လိုအပ်သည့် သွင်းအားစုများ ဖြစ်သည့် အရည်အသွေး ကောင်းမွန်သည့် ဓာတ်မြေသြဇာများ၊ အန္တရာယ်ကင်းသည့် ပိုးသတ်ဆေးများ၊ နည်းပညာများနှင့် မျိုးကောင်း မျိုးသန့်များကို သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်သွားရန်၊ တရားမဝင် ကုန်စည် စီးဆင်းမှုနှင့် ပတ်သက်၍ စစ်ဆေးရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ တရားမဝင် ကုန်စည်များမှာ နေရာအနှံ့အပြားတွင် ရှိနေပြီး မီးရထားလမ်း၊ ရှောင်ကွင်းလမ်းများမှလည်း ဝင်ရောက်လျက်ရှိသဖြင့် တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် စစ်ဆေးရေးစခန်းများ ဖွင့်လှစ်၍ ဆောင်ရွက်မည့်အစီအမံများ ရေးဆွဲဆောင်ရွက်ရန်၊ စားသုံးသူ အကာအကွယ် ပေးနိုင်ရေးအတွက် သက်ဆိုင်သည့်  ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်နှင့်Bonded Warehouse များ ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ခွင့်ပြုရန်လည်း စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ Bonded Warehouse များကို တိုင်းဒေသကြီး/ ပြည်နယ်များနှင့် နယ်စပ်ကုန်သွယ်ရေး ဒေသများတွင် တည်ဆောက်ခြင်းဖြင့် ကုန်ကြမ်းသိုလှောင်ခြင်း၊ ကုန်ချောထုတ်လုပ်ခြင်းနှင့် တည် ဆောက်ရေးလုပ်ငန်းများအတွက် ပစ္စည်းလိုအပ်ချိန်တွင် ပြည်ပမှ မှာယူရသည့်အချိန် လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ Bonded Warehouse ဆောက်လုပ်မည့် မြေနေရာများကို သယ်ယူပို့ဆောင်ရေး လွယ်ကူ အဆင်ပြေမည့် မီးရထား လမ်း၊ ရေဆိပ်၊ လေဆိပ်များရှိ သင့်လျော်မည့် မြေနေရာ ကြိုတင်စီမံ ဆောင် ရွက်ရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများနှင့် အငှားအိမ်ရာများ ဆောက် လုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် မြေနေရာများ ရွေးချယ်၍ စတင် အကောင် အထည်ဖော် ဆောင်ရွက်ရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးများမှ လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့သည်။


ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ စီးပွားရေးဘဏ်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေး မှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Tags: Minister