ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် မဟာဗျူဟာမြောက်အပါအဝင် လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းများ၊ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၀၀၀)နှင့် အထက်လုပ်ငန်း များကို မြေပြင်ကွင်းဆင်းစစ်ဆေးရန်ကိစ္စနှင့်စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း (နေပြည်တော်၊ နိုဝင်ဘာလ ၁၅ရက်)

        ဝန်ကြီးဌာနများမှ ဘဏ္ဍာရေးနှစ်အလိုက် ပြည်သူ့ဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အချိန်မီပြီးစီးနိုင်ရေး၊ ဘဏ္ဍာငွေအလေအလွင့်ပြုန်းတီးမှု၊ နစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားမှုများ မရှိစေရေး၊ ဆောင်ရွက်ပြီးစီးမှုနှင့် ငွေကြေးသုံးစွဲမှုအခြေအနေ လျော်ကန်သင့်မြတ်မှု ရှိ/ မရှိ ၊ လုပ်ငန်းခွင်အခက်အခဲများရှိပါက နိုင်ငံတော်အကြီးအကဲများထံ အချိန်နှင့်တစ်ပြေးညီ ကောက်နုတ်တင်ပြပေးနိုင်ရန်နှင့် လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်၍ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ ဘဏ္ဍာရေးနှစ်အလိုက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ မဟာဗျူဟာမြောက်အပါအဝင် လုပ်ငန်းစီမံကိန်းများနှင့်လုပ်ငန်းများ၊ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၀၀၀)နှင့်အထက် လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂)၊  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးသို့ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် မြေပြင်ကွင်းဆင်းစစ်ဆေးမည့်အဖွဲ့ဝင်များ၊ ကွင်းဆင်းစစ်ဆေးမည့် လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် လိုအပ်သည့် လုပ်ငန်းဆိုင်ရာအချက်အလက်များ၊ ငွေကြေးသုံးစွဲမှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

,