မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ စာရင်းအင်းဥပဒေ၊ နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဗဟိုစာရင်းအင်းအဖွဲ့၏ စာရင်းအင်းဥပဒေ၊ နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို ၁၈-၂-၂၀၂၂ ရက်နေ့ နံနက် (၀၉:၃၀) နာရီတွင် မကွေးတိုင်း ဒေသကြီး မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစိုးရဝန်ကြီး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။    

ဆွေးနွေးပွဲတွင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် စာရင်းအင်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၁ ခုနှစ် မေလ ၁၄ ရက်နေ့တွင် စာရင်းအင်းနည်းဥပဒေများကို ရေးဆွဲထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ သက်ဝင်ကျင့်သုံးလာစေရေး၊ အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သည့် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များအကြား စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်စေရေးနှင့် စာရင်းအင်းလုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက် နိုင်‌စေရေးတို့ကိုရည်ရွယ်၍ စာရင်းအင်းဥပဒေနှင့် နည်းဥပဒေအသိပညာမြှင့်တင်ရေးဆွေးနွေးပွဲ ကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊

 နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားစာရင်းအင်းစနစ် ခိုင်မာအားကောင်းရန် အထူးလိုအပ်ပါကြောင်း၊ ပြည့်စုံမှန်ကန်ပြီးယုံကြည်ကိုးစားနိုင်သော စာရင်းအင်းအချက်အလက် များရရှိမှသာ နိုင်ငံအတွက်လိုအပ်သော လူမှုရေး၊ စီးပွားရေးမူဝါဒများ၊ စီမံကိန်းများချမှတ် ဆောင်ရွက်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည့်စုံတိကျ မှန်ကန်ပြီးယုံကြည်ကိုးစားနိုင်သော စာရင်းအင်းအချက်အလက်များသည် မူဝါဒချမှတ်သူများ အတွက်သာမက သုတေသနပြုလုပ်သူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ ကျောင်းသား/သူများအတွက်ပါ အထူးလိုအပ်ပါကြောင်း၊ ထိုနည်းတူစွာ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အစိုးရတစ်ရပ်ဖြစ်ရန် တိကျမှန်ကန်သောစာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ရန်လိုအပ်ပါကြောင်းနှင့် စာရင်းအင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 အမျိုးသားစာရင်းအင်းစနစ် အရည်အသွေးပြည့်ဝရေးအတွက် ပေါင်းစပ်ညှိနှိုင်းမှုစနစ်များ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ သန်းခေါင်စာရင်းနှင့်စစ်တမ်းများကောက်ယူရာတွင် နည်းပညာအကူအညီများ၊ အကြံဉာဏ်များပေးအပ်ခြင်း၊ စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာကို အကောင်အထည်ဖော်ခြင်း၊ မြန်မာနိုင်ငံ၏ တရားဝင်စာရင်းအင်းများ ထုတ်ပြန်ခြင်း၊ အားပေးမြှင့်တင်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အမျိုးသားစာရင်းအင်းစနစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဗဟိုစာရင်းအင်းအဖွဲ့နှင့် အတူ စာရင်းအင်းအချက်အလက်ပံ့ပိုးပေးနေသည့် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။

,