မိမိတို့သွားရမည့် ဦးတည်ချက်ကို ရဲရဲဝံ့ဝံ့ သံဓိဋ္ဌာန်ချပြီး နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးအတွက် လေးလေးနက်နက် ဆောင်ရွက်သွား ကြရမည်

,

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ရေးဆွဲရေးအတွက် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ရေးဆွဲရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးမူဝါဒ (၁၂)ရပ်၊ ကုလသမဂ္ဂ ထောင်စုနှစ်အလွန် ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်များ၊ အာဆီယံအသိုက်အဝန်းအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းရည်မှန်းချက်များနှင့်အညီ ရေးဆွဲသွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အရအသုံးဆိုင်ရာ ဥပဒေ၊ အရအသုံးဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် စီမံခန့်ခွဲမှုများကို ဆောင်ရွက်သည့်အခါတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အမျိုးသားစီမံကိန်းကို အခြေခံပြီး ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊  နိုင်ငံတော်၏ အမျိုးသားစီမံကိန်းကို ဘဏ္ဍာနှစ်အလိုက် ရေးဆွဲဆောင်ရွက်ရမည် ဖြစ်သောကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒများ၊ ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်များကို ဦးတည်ချက်ထား၍ စီမံကိန်းများကို ရေးဆွဲကြပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေ အရအသုံး အခြေအနေကိုလည်း အခြေခံရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဆင့်စီမံကိန်းများကို ချိတ်ဆက်မိအောင် ရေးဆွဲရမည်ဖြစ်ကြောင်း၊ စီမံကိန်းကော်မရှင်နှင့် ဘဏ္ဍာရေးကော်မရှင်များသို့ တင်ပြအတည်ပြု ထောက်ခံပြီးမှ လွှတ်တော်သို့ ပေးပို့ရမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအလိုက် မျှော်မှန်းထားသည့် ရည်မှန်းချက်များသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် National Growth Rate ရရှိစေရန် အထောက်အကူပြုရမည် ဖြစ်ကြောင်း၊ ရည်မှန်းချက်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် လူ အင်အား၊ နည်းပညာ၊ စက်ပစ္စည်း ကရိယာများကို ပြည်တွင်းတွင် သာမက ပြည်ပမှပါ ရနိုင်မည့် ရန်ပုံငွေများကို အခြေခံပြီး ရေးဆွဲမှသာ အမှန်တကယ်အကောင်အထည်ဖော်နိုင်သည့် စီမံကိန်းများဖြစ်လာပြီး နိုင်ငံတော်မှ ရည်မှန်းထားသည့် အတိုင်း အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ပုံမှန်ထက် ပိုမိုပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများ ရှိလာ သောကြောင့် ညှိနှိုင်းပေါင်းစပ်ရမည့် ကိစ္စရပ်များလည်း ရှိလာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနဘက်မှလည်း စီမံကိန်းများ ရေးဆွဲသည့်အခါ သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ ဆွေးနွေး မေးမြန်းစရာများ ပေါ်ပေါက်လာပါက အသင့်အနေအထားဖြင့် ဆောင်ရွက်ပေးနိုင်ရန် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးထားပါကြောင်း၊ နိုင်ငံတွင်းမှာရှိသည့် အင်အားများကိုစုစည်း၍ မိမိတို့သွားရ မည့် ဦးတည်ချက်ကို ရဲရဲဝံ့ဝံ့ သံဓိဋ္ဌာန်ချပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေးလေးနက်နက် ဆောင်ရွက်သွားကြရန် အထူးမေတ္တာ ရပ်ခံလိုပါကြောင်း၊ နိုင်ငံတော်၏ ပိုင်ဆိုင်မှုများဖြစ်သည့် မြေ၊ အဆောက်အဦ၊ ယာဉ်စသည်တို့ကို အလေအလွင့်မဖြစ်စေဘဲ တန်ဖိုးရှိရှိသုံးစွဲနိုင်ရန် လိုအပ်ပါ ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ စီမံကိန်းရေးဆွဲရာတွင် ထည့်သွင်း စဉ်းစား ရမည့် အချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့်မှ စီမံကိန်းရည်မှန်းရန်အဆိုပြုချက်များ ရေးဆွဲရေးနှင့် ပတ်သက်၍ လည်းကောင်း၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းမှ ဘတ်ဂျက် လျာထားမှုနှင့် ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြရာ အစည်းအဝေး တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးချက်များအပေါ် အသေးစိတ် ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ စုစုပေါင်း(၈၀) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)