နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ အစည်းအဝေးကျင်းပ

,

မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒအရ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးအရ ယှဉ်ပြိုင် နိုင်ရန်နှင့် တိုင်းပြည်၏ စီးပွားရေးကို မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်နေသည့် တစ်ချိန်တည်းမှာပင် Digital Economy ပေါ်ထွန်းလာရေးဆောင်ရွက်ကြရန် လိုအပ်လျက်ရှိကြောင်း ဒစ်ဂျစ်တယ် စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ နာယက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည့် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee) အစည်းအဝေး (၁/၂၀၁၇)တွင် ဒုတိယသမ္မတက ထိုသို့ ပြောကြားခြင် ဖြစ်သည်။

ဆက်လက်၍ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီကို နိုင်ငံတော်၏ စီးပွားရေး မူဝါဒများကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံတွင် Digital Economy ကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်၊ ပြည်နယ်နှင့် တိုင်း ဒေသကြီးများ အားလုံးရှိ ပြည်သူများ ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးတို့တွင် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စီးပွားရေး ပတ်ဝန်းကျင် အခြေအနေ ကောင်းများနှင့်  ဒီဂျစ်တယ်နည်းပညာများကို မြှင့်တင်ဖန်တီး၍ မြန်မာနိုင်ငံကို အာဆီယံဒေသ၏ Digital Hub တစ်ခုဖြစ်လာစေရန်နှင့် ၎င်းမှတဆင့် Digital Economy ရှင်သနဖွံ့ဖြိုးအောင် ဆောင်ရွက်ရန် အစရှိသည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် ဖွဲ့စည်းရခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများနည်းတူ အာဆီယံနိုင်ငံများတွင် Digital Economy ကို တိုင်းပြည်၏ အဓိက စီးပွားရေး အဖြစ် အကောင်အထည်ဖော်ရန် နှစ်အလိုက် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံ၏ ကဏ္ဍများအားလုံးကို ဒစ်ဂျစ်တယ်စနစ်သို့ မြှင့်တင်ပြောင်းလဲမှုများ ပြုလုပ်ပြီး Digital Economy ကို တည်ဆောက်ကြရာတွင် ပထမအဆင့် အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး အခြေခံ အဆောက်အအုံ လိုအပ်ချက်များကို မြှင့်တင်ရန် ၊ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ မြှင့်တင်ရန်၊ နည်းပညာနှင့် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရန်၊ လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရန် လုပ်ငန်း များ၊ ငွေကြေးအရင်းအမြစ်များ ရရှိရန် အစရှိသည့် လိုအပ်ချက်များကို တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ပြီး စီးပွားရေးပတ်ဝန်းကျင် အခြေအနေကောင်းများ ဖြစ်လာရန် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပြည်တွင်း Startup ကုမ္ပဏီများ အလွယ်တကူ လုပ်ငန်းများ စတင်နိုင်ရန်၊ အကြီးစား၊ အလတ်စားနှင့် အသေးစား လုပ်ငန်းများ၊ အဆင်ပြေအောင်မြင်မှု ရရှိစေရန်နှင့် နိုင်ငံတကာ ရင်းနှီး မြှပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းလည်း ဖြစ်ပါကြောင်း၊ စီးပွားရေး ပတ်ဝန်းကျင် အခြေအနေကောင်းများ ဖြစ်ပေါ်လာစေရေး ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း လိုလားသည့် အဆင့်တစ်ခုသို့ ရောက်ရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ဒုတိယအဆင့် အနေဖြင့် နိုင်ငံတကာနည်းပညာ ဦးဆောင်ကုမ္ပဏီများ၏ နည်းပညာ ခေါင်းဆောင်များထံမှ အကြံဉာဏ်ရယူခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာရင်းနှီးမြှပ်နှံမှုများ ဖိတ်ခေါ်ခြင်း၊ နိုင်ငံတကာကုမ္ပဏီများမှ နည်းပညာများ၊ လွှဲပြောင်းရယူနိုင်ရန် ကြိုးပမ်းခြင်း၊ ပြည်တွင်း တီထွင်ဖန်တီးနိုင်မှုများ ပေါ်ထွန်းလာအောင် ဆောင်ရွက်ခြင်း၊ နည်းပညာ Startup ကုမ္ပဏီများ ပေါ်ထွက်လာအောင် အားပေးခြင်း၊ ပြည်တွင်း ကုမ္ပဏီများ နိုင်ငံတကာတွင် ယှဉ်ပြိင်နိုင်စွမ်းရှိအောင် ဆောင်ရွက်ခြင်းတို့အပြင် သတ်မှတ်ထားသည့် အချိန်ကာလတစ်ခုတွင် အာဆီယံဒေသ၏ Digital Hub တစ်ခု ဖြစ်လာစေရန်နှင့် Digital Economy ကို အခြေခံတည်ဆောက်ပြီး တိုင်းပြည်ဝင်ငွေ ရှာဖွေနိုင်ရန် ရည်မှန်းချက်ထား စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့ပြင် အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ပညာရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းအများ၊ သုံးစွဲသူပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ ပါဝင်လာရန် ရည်မှန်းချက်ထား အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ကဏ္ဍအသီးသီးတွင် ဒစ်ဂျစ်တယ်စနစ်သို့ မြှင့်တင်ပြောင်းလဲမှုများ၊ အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဆိုလျှင် ဒစ်ဂျစ်တယ်နည်းပညာကို ကောင်းစွာအသုံးပြုနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်း လာပြီး Digital Economy ဖြင့် တိုင်းပြည်၏ စီးပွားရေးကို များစွာအကျိုးပြုနိုင်မည်ဖြစ်ပြီး အခြား စီးပွားရေးကဏ္ဍများကိုလည်း များစွာအကျိုးပြုစေမည် ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး များ၊ မြို့ပေါ်နှင့် ကျေးလက်ဒေသများတွင် နည်းပညာနှင့် အင်တာနက်ရရှိနိုင်မှု ကွာဟနေခြင်း (Digital Divide) ကို ထိထိရောက်ရောက် လျှော့ချကာ ဒစ်ဂျစ်တယ်နည်းပညာများကို ပြည်သူလူထု၏ စီးပွားရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးချပြီး စီးပွားရေး၊ လူမှုရေးနှင့် ပြည်သူ လူထု၏ နေ့စဉ်လူနေမှုအဆင့်အတန်း တိုးတက်လာစေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒစ်ဂျစ် တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကော်မတီဉက္ကဌ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 
ယင်းနောက် ကော်မတီဝင်များဖြစ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပုဂ္ဂလိကကဏ္ဍမှ ပညာရှင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒီဂျစ်တယ်စီးပွားရေးဖဖွံ့ဖြိုးတိုးတက်မှု ကော်မတီနာယက ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

နေပြည်တော်၊ ဇူလိုင် ၁၄
(သတင်းစဉ်)