စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ Project Bank ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် Project Bank ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စု ရာထူး ဝန်အဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ကို လျှောက်လှမ်းရာတွင် စိန်ခေါ်မှု တံတိုင်းများ ဝန်းရံနေပြီး ဝန်ကြီးဌာနအသီးသီးက နည်းလမ်းအဖုံဖုံဖြင့် ကြိုးစားဆောင်ရွက်နေကြသည်ကို မြင်တွေ့နေရ ပါကြောင်း၊ သို့သော် ဦးတည်ရာ ဖွံ့ဖြိုးမှုပန်းတိုင်တစ်ခုတည်းသို့ သွားရာတွင် ကြိုးစားမှု အားလုံးကို ဟန်ချက်ညီညီဖြင့် ပူးပေါင်းစုစည်းကာ တက်လှမ်းမှသာလျှင် စိန်ခေါ်မှု တံတိုင်း များကို ကျော်လွှားပြီး ပန်းတိုင်ကို လျန်မြန်စွာ ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း။

ထို့ကြောင့် မိမိတို့နိုင်ငံ ဟန်ချက်ညီညီ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန် ဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းများကို မဟာဗျူဟာကျကျ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ Myanmar Sustainable Development Plan- MSDP သည် စီမံကိန်းများကို မဟာဗျူဟာ ကျကျ ရွေးချယ်အကောင်အထည်ဖော်နိုင်ရန်အတွက် ရေးဆွဲထားခြင်းဖြစ်ပါကြောင်း။

ယခုအချိန်တွင် ဖွံ့ဖြိုးရေးစီမံကိန်းများကို မဟာဗျူဟာကျကျ ရေးဆွဲ၍ လိုအပ်သော ဘဏ္ဍာငွေများကို ရှာဖွေစုဆောင်းမှသာလျှင် မိမိတို့၏ဘဏ္ဍာရေး အရင်းအမြစ်များ ပိုမို တိုးတက်လာ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် Myanmar Sustainable Development Plan- MSDPနှင့် Project Bank ကိုရေးဆွဲအကောင် အထည်ဖော်ရ ခြင်းဖြစ်ပါကြောင်း။

ပြည်သူများအတွက် အထိရောက်ဆုံးနှင့် အကျိုးအရှိဆုံးဖြစ်မည့် စီမံကိန်းများကို ရွေးချယ်၍ Project Bank ထဲသို့ ထည့်သွင်းအကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးရေးကို မဟာဗျူဟာကျကျဆောင်ရွက်သွားရန် ရည်ရွယ်ပါကြောင်း၊ Project Bank ထဲသို့ ရောက်ရှိလာ သည့် စီမံကိန်းများကို စိစစ်ရွေးချယ်၍ အစိုးရဘဏ္ဍာငွေအပြင် ဖွံ့ဖြိုးမှုအကူအညီနှင့် ပုဂ္ဂလိက ကဏ္ဍစသည့် အခြားဘဏ္ဍာငွေအရင်းအမြစ်များမှ ရှာဖွေသုံးစွဲ၍ MSDP ကို အကောင်းဆုံး ကြိုးစားအကောင်အထည်ဖော်သွားမည်ဖြစ်ပါ ကြောင်း။

Project Bank ကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်ရန်အတွက် အားလုံး တက်ညီလက်ညီ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တူညီခိုင်မာသည့်နားလည်မှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ကြိုးစားသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က မြန်မာ နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)နှင့် Project Bank ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဦးမင်းရဲပိုင်ဟိန်းက Project Bank ပြုစုခြင်း လုပ်ငန်း စဉ်နှင့် ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း တင်ပြခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီး အကဲများက Project Bank ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြကြသည်။

အဆိုပါ Project Bank ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan- MSDP) တွင်ပါရှိသော မဟာဗျူဟာနှင့်လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အ ထည်ဖော်ရန်အတွက် နိုင်ငံတော်မှ ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို Project Bank တွင်ထည့်သွင်း၍ ပွင့်လင်းမြင်သာစွာ တိကျသောလုပ်ငန်းစဉ်များဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျင်းပ ခြင်း ဖြစ်ကြောင်း သိရသည်။

, , ,