နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်ဖွင့်ပွဲနှင့် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဟနွိုင်းမြို့ရှိ National Convention Center၌ ကျင်းပသည့် အာဆီယံဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်ဖွင့်ပွဲနှင့် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။

အဆိုပါ ဖိုရမ်ဖွင့်ပွဲနှင့် မျက်နှာစုံညီအစည်းအဝေးသို့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူးကျောက်၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု၊ စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လွန်း၊ အင်ဒိုနီးရှား နိုင်ငံသမ္မတ မစ္စတာဂျိုကိုဝီဒိုဒို၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆမ်၊ လာအိုနိုင်ငံဝန်ကြီးချုပ် မစ္စတာထောင်လွန်းဆီစုလစ်၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ PraijinJuntong၊ အာဆီယံမိတ်ဖက်နိုင်ငံများမှ အကြီးအကဲများ၊ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ စီးပွားရေးဆိုင်ရာထိပ်တန်းအရာရှိကြီးများ၊ ကမ္ဘာ့စီးပွားရေးဖိုရမ်အမှုဆောင် ဥက္ကဋ္ဌ ပါမောက္ခ Klaus Schwab နှင့် စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိုရမ်ဖွင့်ပွဲကျင်းပမည့် ဟနွိုင်းမြို့ ရှိ National Convention Center သို့ရောက်ရှိလာရာ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ် အမှုဆောင်ဥက္ကဋ္ဌ ပါမောက္ခ Klaus Schwab တို့က ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖိုရမ်ဖွင့်ပွဲသို့တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ ကမ္ဘာ့စီးပွားရေး ဖိုရမ်အမှုဆောင်ဥက္ကဋ္ဌတို့နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စတုတ္ထစက်မှု တော်လှန်ရေး အသွင်ကူးပြောင်းမှုကာလတွင် မြန်မာနိုင်ငံနှင့်အာဆီယံတို့၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှုကာလ၌ မြန်မာနိုင်ငံအနေဖြင့် လျင်မြန်စွာတိုးတက်ပြောင်းလဲနေသော နိုင်ငံများနှင့်အတူ လိုက်ပါ ဆောင်ရွက်ရာတွင် ထိုးဖောက်ဆောင်ရွက်ရန်လိုအပ်‌ကြောင်း၊ မြန်မာနိုင်ငံ၏ မိုဘိုင်းဆင်းကဒ် သုံးစွဲမှုမှာလွန်ခဲ့သည့် ငါးနှစ်ခန့်က တစ်ရာရာခိုင်နှုန်းအောက်သာရှိခဲ့သော်လည်း ယခုအခါ ၁၀၅ ရာခိုင်နှုန်းခန့်အထိ တိုးတက်လာကြောင်း၊ ယှဉ်ပြိုင်မှုများအား စိုးရိမ်ကြောက်ရွံ့ရန်မလို ကြောင်း၊ စိန်ခေါ်မှုများအားရင်ဆိုင်ကြရမည်ဖြစ်ကြောင်း၊ စက်မှုအသွင်ကူးပြောင်းရေးအတွက် ဆောင်ရွက်ရာတွင် လက်တွေ့ကျသည့် အဓိကအရေးကြီးဆုံးအချက် တစ်ချက်မှာ လူသားတို့၏ အခန်းကဏ္ဍဖြစ်ကြောင်း၊ စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှုကာလသို့ ချဉ်းကပ် ကြိုးပမ်းရာတွင် မိမိတို့အနေဖြင့် တီထွင်နိုင်စွမ်းရှိမှု၊ မျှဝေခံစားမှု၊ ခေါင်းဆောင်မှုတို့ကို အခြေခံရမည်ဖြစ်ကြောင်း၊ စတုတ္ထစက်မှုတော်လှန်ရေးအသွင်ကူးပြောင်းမှုသို့ ကူးပြောင်းရာတွင် လူငယ်များနှင့် အဓိကသက်ဆိုင်သည်ဟု မကြာခဏပြောကြားနေကြသော်လည်း လူသား အားလုံးနှင့်သက်ဆိုင်သည်ဟုယူဆကြောင်း၊ ယခုအခါ ပေါင်းစည်းဆက်နွယ်မှုနှင့်ပတ်သက်၍ ပြောဆိုရာတွင် လူငယ်များအတွက်သာမက လူကြီး၊ လူငယ်၊ လူရွယ်အားလုံးအတွက် ထည့်သွင်းစဉ်းစားကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွင် လူကြီး၊ လူငယ်၊ လူရွယ်အားလုံးအချင်းချင်းချိတ်ဆက်မှုသည် အရေးကြီးကြောင်း၊ လူသားအားလုံးအတွက် စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှုကာလ အောင်မြင်မှု ရရှိရန် အားလုံးကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူသားစွမ်းရည်ဖွံ့ဖြိုးတိုးတက်မှု အတွက် ရင်းနှီးမြှုပ်နှံမှုကိုတတ်နိုင်သမျှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လူငယ်၊ လူကြီးအားလုံးအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သင့်ကြောင်း၊ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံရာတွင် လူငယ်၊ လူကြီးအားလုံးအတွက် ပညာရေးတွင် လက်တွေ့ကျသော စွမ်းရည်မှာအရေးကြီးကြောင်း၊ ခေါင်းဆောင်မှုသည် တီထွင်နိုင်မှု၊ မျှဝေခံစားမှုနှင့် ဆက်စပ် လျက်ရှိကြောင်း၊ စက်မှုအသွင်ကူးပြောင်းမှုတိုင်းတွင် ကျွမ်းကျင်မှုနှင့်ပတ်သက်၍ ပြောင်းလဲ ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများအား နည်းပညာအသစ်များကို သင်ကြားပေးရန် လိုအပ် ကြောင်း၊ နည်းပညာသစ်များကို သင်ကြားရာတွင် စိန်ခေါ်မှုများကိုရဲဝံ့စွာရင်ဆိုင်၍ အောင်မြင် အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးမှု ပိုမိုနည်းပါးနေသောနိုင်ငံများအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်နိုင်ရန် တစ်ချိန်က ကျွမ်းကျင်မှုနည်းပါးသောလုပ်သားများအပေါ် တည်မှီခဲ့ရကြောင်း၊ ယခုအခါ အာဆီယံနိုင်ငံများအနေဖြင့် ကျွမ်းကျင်မှုနှင့် နည်းပညာတိုးတက်ရေးအတွက် ပြင်ဆင်ထား ရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ပညာရေးစနစ်သည် စိန်ခေါ်မှုများရင်ဆိုင်ဖြေရှင်းရေး အတွက်အရေးကြီးကြောင်း၊ ပညာရေးကို ပညာရှင်အဆင့်အရည်အချင်းရှိမှုထက် လက်တွေ့ ကျသည့်အရည်အချင်းရှိမှု ပြောင်းလဲ၍ အလေးပေးဆောင်ရွက်သင့်ကြောင်း၊ လူငယ်များအား  တီထွင်ကြံဆနိုင်မှု အတွေးအခေါ်များကို တွန်းအားပေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ စာရင်း အချက်အလက်များအရ နည်းပညာသစ်များ၏ ၅၀-၇၅ ရာခိုင်နှုန်းမှာ အရည်အသွေး နည်းပါးကြောင်း၊ စွန့်ဦးတီထွင်မှုနှင့်ပတ်သက်၍ ကူးသန်းရောင်းဝယ်မှု၊ စက်မှု၊ ကုန်သွယ်မှုတို့ သာမကကဏ္ဍများဖွံဖြိုးတိုးတက်မှုအတွက် ပျိုးထောင်ပေးကြရမည် ဖြစ်ကြောင်း၊ ဤနေရာတွင် ခေါင်းဆောင်မှုသည် တီထွင်နိုင်မှု၊ မျှဝေခံစားမှုနှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တီထွင်မှုမရှိပါက ယခုခေတ်သစ်၏ စိန်ခေါ်မှုများကိုဖြေရှင်းရန် ခက်ခဲမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံတွင် လူငယ်များတီထွင်မှုစွမ်းအားရှိကြောင်း၊ တီထွင်မှုအားလက် တွေ့ဆောင်ရွက်မှု စွမ်းရည်နှင့် ချိတ်ဆက်ပြီးတီထွင်မှု၊ စွမ်းဆောင်မှု၊ ဈေးကွက်ယှဉ်ပြိုင် နိုင်မှုတို့အတွက် ချဉ်းကပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အာဆီယံဒေသနိုင်ငံများအကြား ဖွံဖြိုးတိုးတက်မှုကွာဟမှု ကျဉ်းမြောင်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် ဒေသတွင်းတည်ငြိမ်မှု၊ လုံခြုံမှုမှာလည်းအရေးကြီးကြောင်း၊ မိမိနိုင်ငံအနေဖြင့် စတုတ္ထစက်မှုတော်လှန်ရေးအသွင် ကူးပြောင်းမှုကာလသို့ ကူးပြောင်းဆောင်ရွက်ရာတွင် ပြည်သူများအတွက် ငွေကြေးဆိုင်ရာ လုံခြုံမှု သာမကအခြားသောလုံခြုံမှုများဖြင့်ပါ ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း၊ ဤဆွေး နွေးပွဲဖိုရမ်မှ စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှုကာလသည် စီးပွားရေးအရပိုမို အကျိုးအမြတ် ဖြစ်ထွန်းစေရေးထက် ပိုမိုကောင်းမွန်သောကမ္ဘာကြီးဖြစ်ပေါ်လာရေးအတွက် အထောက်အကူပြုဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုဆွေးနွေးနိုင်မည့် အခွင့်အရေးရရှိ မည်ဟု ယုံကြည်ပါကြောင်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံ များမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့်အတူ ကမ္ဘာ့စီးပွားရေးဖိုရမ် အမှုဆောင်ဥက္ကဋ္ဌ ပါမောက္ခ Klaus Schwab က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးမစ္စတာ Taro Kono အား ဒေသစံတော်ချိန်မွန်းလွဲ ၂ နာရီတွင် ဟနွိုင်းမြို့ရှိ ခေတ္တ တည်းခိုနေသည့် Daewoo Hotel ၌ လက်ခံတွေ့ဆုံသည်။

တွေဆုံစဉ် မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရေး၊ ၂၀၁၈ခုနှစ် အောက်တိုဘာလအတွင်း ဂျပန်နိုင်ငံတိုကျိုမြို့၌ ကျင်းပပြုလုပ်မည့် ဂျပန်-မဲခေါင် ထိပ်သီး အစည်းအဝေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပက်သက်၍ ဂျပန်အစိုးရမှ အပြုသဘောဆက်လက် အကူအညီအထောက်အပံ့ပေးသွားမည့် ကိစ္စရပ်များနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမျက်နှာစာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်နှီးပွင့်လင်းစွာဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ သံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆမ်၊ လာအိုနိုင်ငံဝန်ကြီးချုပ် မစ္စတာထောင်လွန်းဆီစုလစ်၊ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် မစ္စတာ PraijinJuntong တို့နှင့်အတူ National Convention Center ၌ ကျင်းပသည့် မဲခေါင်ဒေသပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အမြင်သစ်များခေါင်းစဉ်ဖြင့်ဆွေးနွေးသည့် ဆွေးနွေးပွဲသို့ တက်ရောက်အမြင်ချင်းဖလှယ်ဆွေးနွေးသည်။

ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံဒေသ ဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် ဝန်ကြီးများအား National Convention Center ၌ ဗီယက်နမ်နိုင်ငံအစိုးရမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲနှင့် ယဉ်ကျေးမှုဖျော်ဖြေပွဲသို့ တက်ရောက်သည်။

http://www.statecounsellor.gov.mm/

ဟနွိုင်းမြို့၊ စက်တင်ဘာ ၁၂ ရက်