အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော်     မေ     ၁၉
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း သုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက် နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်းအဝေးခန်း၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီး ဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်း ရှင်များအသင်းတို့မှ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အစီရင်ခံ‌ရေးအဖွဲ့ဉက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက အဖွင့်အမှာစကားပြော ကြားရာတွင် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ အောက်တွင် အထောက်အကူပြုလုပ်ငန်းအဖွဲ့ (၄)ဖွဲ့ကိုလည်း ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ အဆိုပါအဖွဲ့များ ကျစ်ကျစ်လစ်လစ်ရှိစေရန် ဖွဲ့စည်း ထားပါကြောင်း၊ လုပ်ငန်းအဖွဲ့များအနေနှင့် လိုအပ်သည့် ဌာနများရှိပါက အစည်းအဝေးများသို့ ဖိတ်ကြားပြီး ပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်မည်ဟု ထင်မြင်ပါကြောင်း၊ လတ်တလော ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းကြောင့် ထိခိုက်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ MSME လုပ်ငန်းများ၏ အခြေအနေများကို လေ့လာဆန်းစစ်မှုပြုလုပ်၍ တင်ပြနိုင်မည်ဆိုပါက MSME ဖွံ့ဖြိုးတိုးတက် ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပျက်စီး ဆုံးရှုံးမှုများသည် နိုင်ငံ၏ GDP တွင် မည်မျှသက်ရောက်မှုရှိသည်ကိုလည်း လေ့လာသုံးသပ် တင်ပြရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းအဖွဲ့အချင်းချင်းလည်း ချိတ်ဆက် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ အထောက်အကူပြု လုပ်ငန်းအဖွဲ့ (၄)ဖွဲ့၏ လုပ်ငန်းတာဝန် များ၊ ဆောင်ရွက်မည့် အစီအစဉ်နှင့် အချိန်ဇယား တို့ကို ဆွေးနွေးတင်ပြပေးကြရန်နှင့် အစည်းအဝေးသို့ တက်ရောက်လာသူများမှလည်း ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးရုံးလုပ်ငန်းအဖွဲ့၊ တွဲဖက်အတွင်းရေးမှူးက လုပ်ငန်း သုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် အထောက်အကူပြုလုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်မည့်အစီအစဉ်နှင့် အချိန်ဇယားတို့ကို ရှင်းလင်းတင်ပြသည်။ 
ဆက်လက်၍ အထောက်အကူပြုလုပ်ငန်းအဖွဲ့(၄)ဖွဲ့ ဥက္ကဋ္ဌများက အဖွဲ့တစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စ ရပ်များ၊ ပေါင်းစပ်ညှိနှိုင်းရမည့်ကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။


သတင်းစဉ်

, , ,