SME နှစ်ဆင့်ချေးငွေစီမံကိန်း လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

    မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေးထောက်ပံ့မှုများကို ကူညီပံ့ပိုး ပေးနိုင်ရန် SME နှစ်ဆင့်ချေးငွေစီမံကိန်း အဆင့်-၁ နှင့် စီမံကိန်းအဆင့်-၂ တို့ကို ၂၀၁၆ ခုနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ SME နှစ်ဆင့်ချေးငွေစီမံကိန်း၏ လုပ်ငန်း ကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကို (၃-၃-၂၀၂၃) ရက်နေ့တွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်ဆွေးနွေး မှာကြားပါသည်။
    ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် MSME များသို့ အတိုးနှုန်းသက်သာသည့်  ချေးငွေများ ပံ့ပိုးနိုင်ရန် SME လုပ်ငန်းရှင် (၁) ဦးလျှင် ချေးငွေကျပ်(၅၀၀)သန်းထိ အရစ်ကျပြန်ဆပ် စနစ်ဖြင့် ထုတ်ချေးခဲ့ပြီး ဆက်လက်၍လည်း ချေးငွေရယူလိုသည့် SME များသို့ ချေးငွေအသစ်များကို စဉ်ဆက်မပြတ် ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ စီမံကိန်းအဆင့်-၁ ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ မြန်မာကျပ် (၅၇.၆၃၄) ဘီလီယံဖြင့် မတည်ဆောင်ရွက်ခဲ့ပါပြီး SME လုပ်ငန်းရှင် (၂၆၉) ဦးသို့ ငွေကျပ် (၅၇.၆၃၄) ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါကြောင်း၊ SME လုပ်ငန်းရှင်များမှ ပြန်လည်ပေးဆပ် သည့်ငွေများကို လှည့်လည်ရန်ပုံငွေစာရင်းသို့ ထည့်သွင်းပြီး အဆိုပါရန်ပုံငွေမှ SME လုပ်ငန်းရှင် (၂၈၃)ဦးသို့ ငွေကျပ် (၆၆.၉၄၄) ဘီလီယံ ထပ်မံထုတ်ချေးနိုင်ခဲ့ပါကြောင်း၊ သို့ပါ၍ စီမံကိန်းအဆင့်-၁ တွင် (၂၈-၂-၂၀၂၃) ရက်နေ့အထိ SME လုပ်ငန်းရှင် (၅၅၂) ဦးသို့ ငွေကျပ် (၁၂၄.၅၇၈) ဘီလီယံ ထုတ်ချေး ခဲ့သည်ကို တွေ့ရှိရကြောင်း၊ 
    စီမံကိန်းအဆင့်-၂ ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ မြန်မာကျပ် (၁၉၄.၉၆၅) ဘီလီယံ ဖြင့် မတည်ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ မတည်ရန်ပုံငွေမှ SME လုပ်ငန်းရှင် (၁၃၀၆) ဦးသို့ ငွေကျပ် (၁၉၄.၈၆၅) ဘီလီယံ ထုတ်ချေးနိုင်ခဲ့ပါကြောင်း၊ SME လုပ်ငန်းရှင်များမှ ပြန်လည်ပေးဆပ်ငွေများကို လှည့်လည်ရန်ပုံငွေစာရင်းသို့ ထည့်သွင်းပြီး အဆိုပါရန်ပုံငွေမှ SME လုပ်ငန်းရှင် (၂၅၄) ဦးသို့ ငွေကျပ် (၆၆.၃၈၆) ဘီလီယံ ထပ်မံထုတ်ချေးနိုင်ခဲ့သဖြင့် စီမံကိန်းအဆင့်-၂ တွင် (၂၈-၂-၂၀၂၃) ရက်နေ့ အထိ SME လုပ်ငန်းရှင် (၁၅၆၀) ဦးသို့ ငွေကျပ် (၂၆၁.၂၅၁) ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါကြောင်း၊    ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် SME လုပ်ငန်းရှင်များအတွက် အရေးပေါ်ချေးငွေ (Emergency Loan) အဖြစ် SME လုပ်ငန်းရှင် (၅၇၄) ဦးသို့ ငွေကျပ် (၇၁.၇၃၁) ဘီလီယံ ထုတ်ချေး နိုင်ခဲ့ပါကြောင်း၊
    စီမံကိန်းအဆင့်-၁ နှင့် စီမံကိန်းအဆင့်-၂ တို့၏ လှည့်လည်ရန်ပုံငွေစာရင်းတွင် ကျန်ရှိနေသည့် ရန်ပုံငွေများအား စီမံကိန်းတွင် ပါဝင်သည့် ဘဏ်များမှတစ်ဆင့် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးမူဝါဒများ၊ SME ချေးငွေစံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လုပ်ငန်းများကို ထုတ်ချေး နိုင်ရန် ဆက်လက်ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။ 
    ဆက်လက်၍ မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူ များက နှစ်ဆင့်ချေးငွေထုတ်ချေးထားမှုအခြေအနေနှင့် ဆက်လက်ထုတ်ချေးမည့် အစီအစဉ်များအား တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်ကြသည့် လုပ်ငန်းကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု သုံးသပ် ဆွေးနွေးကြပါသည်။
    အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ ငွေတိုက်ဦးစီးဌာန၊  မြန်မာ့အာမခံလုပ်ငန်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြကြောင်း သတင်းရရှိပါသည်။