ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများအား လုံခြုံစိတ်ချစွာဖြင့် လွှဲပို့နိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော် ၊ စက်တင်ဘာ  ၇

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်၍ မြန်မာ့စီးပွားရေးဘဏ်၊ အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့သည် ထိုင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၅ ရက်အထိ သွားရောက်၍ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများကို လုံခြုံစိတ်ချမှုရှိစွာ လွှဲပို့နိုင်ရေးနှင့် ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်သောအဖွဲ့သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ကိုယ်စားလှယ်များလိုက်ပါ၍ ထိုင်းနိုင်ငံဗဟိုဘဏ်၊ ဘန်ကောက်ဘဏ်၊ ကာစီကွန်းဘဏ်၊ စီယမ်ကော်မာရှယ်ဘဏ်နှင့် ခရွန်ထိုင်းဘဏ် စသည့်အဖွဲ့အစည်းများနှင့်လည်းကောင်း၊ ငွေလွှဲလုပ်ငန်း ဆောင်ရွက်နေသည့်အဖွဲ့အစည်းများဖြစ်ကြသည့် TRUE Money, D Money, 2C2P စသည့် ငွေလွှဲ လုပ်ငန်းများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့ပြင် မြန်မာအလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာလုပ်သားစိစစ်ရေးစခန်းများနှင့် မှတ်ပုံတင် စခန်းများသို့ သွားရောက်လေ့လာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမားဦးရေမှာ တရားဝင်စာရင်းများအရ တစ်သန်းကျော်ရှိပြီး၊ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်နေသူများလည်းရှိကြောင်း သိရသည်။ မြန်မာလုပ်သားများက ၎င်းတို့၏မိသားစုများထံ ငွေလွှဲပို့ရာတွင် ထိုင်းနိုင်ငံ ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ အသိအမှတ်ပြုလိုင်စင်ထုတ်ပေးထားခြင်းမရှိ သော အဖွဲ့အစည်းများမှတစ်ဆင့် လွှဲပို့ပါက လုံခြုံစိတ်ချမှုနည်းပါးနိုင်သည့်အတွက် လုံခြုံစိတ်ချမှု ရှိပြီး ဈေးကွက်ငွေလဲနှုန်းဖြင့် လွယ်ကူလျင်မြန်စွာ ဝန်ဆောင်မှုပေးနိုင်မည့်စနစ်တစ်ရပ်ကို ထူထောင်၍ ထိုင်းနိုင်ငံရှိ ဘဏ်များနှင့် မြန်မာနိုင်ငံရှိ ဘဏ်များ၊ ထိုင်းနိုင်ငံရှိ ငွေလွှဲလုပ်ငန်း ဆောင်ရွက်သူများနှင့် မြန်မာနိုင်ငံရှိ ငွေလွှဲလုပ်ငန်းဆောင်ရွက်သူများ၊ Mobile Financial Service  ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ပေးပါက လုံခြုံစိတ်ချ လွယ်ကူလျင်မြန်စွာဖြင့် လွှဲပို့နိုင်စေရန် နိုင်ငံတော်အနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (သတင်းစဉ် )