မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ပထမအကြိမ် အစည်းအဝေးကျင်းပ

 မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်း အဝေး (၁/၂၀၂၂-၂၀၂၃) ကို  ယနေ့နေ့လည်ပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာအဖွဲ့၏ ဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်ဆွေးနွေး မှာကြားပါသည်။

ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲ့မှု လုပ်ငန်းအဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ခုနှစ် ဇူလိုင်လ(၆)ရက် ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်(၁၁၈/၂၀၂၂)ဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်ပမှစားသုံး ဆီတင်သွင်းမှု လျော့ကျစေရေး၊ ပြည်တွင်းစားသုံးဆီဖူလုံစေရေး တို့အတွက် နေကြာအပါအဝင် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် ဆီထွက်သီးနှံများကို အရည်အသွေးကောင်း စားသုံးဆီများထုတ်လုပ်ရန် အဆင့်မီဆီစက်များ လိုအပ်နေရာ လက်ရှိဆီစက်များကို  အဆင့်မြှင့် တင်ခြင်းနှင့် ခေတ်မီဆီစက်အသစ်များ ထပ်မံတိုးချဲ့တည်ဆောက်ရန်အတွက် ရင်းနှီးမြုပ်နှံမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များ အသင်းအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် Dataများ ပြုစုပေးရန်ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်ဘဏ်များသာမက ပုဂ္ဂလိကဘဏ်များနှင့်    အခြားငွေရေးကြေးရေး  အဖွဲ့အစည်းများကပါ ဆီစက်လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့်အမြဲ မပြတ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူးဦးမင်းသူ၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင် များအသင်းဥက္ကဌ ဦးခင်စိုးတို့က ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေထုတ်ချေးရန်အတွက် စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဆီစက်များ၏ လက်ရှိအခြေ အနေနှင့်ပတ်သက်၍ တင်ပြဆွေးနွေးချက်များအပေါ် အဖွဲ့ဝင် အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံ ဘဏ်များအသင်းဥက္ကဌ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများက    ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

သတင်းစဉ်