အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community – AEC) ၂၀၂၅ အကောင် အထည်ဖော်ဆောင်ရေးကော်မတီအောက်ရှိ ကောင်းမွန်သောစီမံမှုလုပ်ထုံးလုပ်နည်းကျင့်သုံးရေး ဆိုင်ရာ လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community–AEC) ၂၀၂၅ အကောင်အထည်ဖော်ဆောင်ရေးကော်မတီမှ ဖွဲ့စည်းပေးထားသော “ကောင်းမွန်သောစီမံမှုလုပ်ထုံး လုပ်နည်းကျင့်သုံးရေး (Good Regulatory Practice–GRP) ဆိုင်ရာလုပ်ငန်းကော်မတီ” ၏ ဒုတိယ အကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဌ၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ လုပ်ငန်း ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဌ၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ တွင် အာဆီယံအသိုက်အဝန်း၏ မဏ္ဏိုင်ကြီး(၃)ခုအနက် အာဆီယံစီးပွားရေးအသိုက်အဝန်းလမ်းပြ မြေပုံ ၂၀၂၅ တွင်ပါရှိသောလုပ်ငန်းများဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ (၂၂) ခုကို သက်ဆိုင် ရာကဏ္ဍအလိုက် ဖွဲ့စည်းထားရှိရာ “ကောင်းမွန်သောစီမံမှု လုပ်ထုံးလုပ်နည်းကျင့်သုံးရေးဆိုင်ရာ လုပ်ငန်းကော်မတီ” သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် GRP စီမံချက်အရ GRP ရည်မှန်းချက်များ ပြည့်မီအောင်ဆောင်ရွက်ရေး၊ စီမံချက်ပါ ဦးစားပေးလုပ်ငန်း နယ်ပယ်များကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေး၊ စီမံချက်ပါမဟာဗျူဟာကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းနှင့် စောင့်ကြည့်အကဲဖြတ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် ဆန်းစစ် လေ့လာခြင်းတို့ ပြုလုပ်သွားနိုင်ရေး၊ ရိုးရှင်းလွယ်ကူပြီး ပွင့်လင်းမြင်သာမှုရှိသော၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများဖြစ်ရေး၊ ပိုမိုကောင်းမွန်သော စီမံမှုလုပ်ထုံးလုပ်နည်းနှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခြင်း၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေ နိုင်ခြင်းနှင့်ကုန်ထုတ်လုပ်မှုစွမ်းအားများအား ပိုမိုတိုးတက်ကောင်းမွန်စေနိုင်ခြင်းတို့ ရရှိလာပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အာဆီယံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာ ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားပါသည်။

ထို့နောက် လုပ်ငန်းကော်မတီအစည်းအဝေးကို အစီအစဉ်အတိုင်းကျင်းပပြီး ဥက္ကဌ၊ ဒုတိယဝန်ကြီးက ကော်မတီအဖွဲ့ဝင်များ၏ တင်ပြဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး၍ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။