၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနှင့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှပ်နှံမှု လျာထားချက်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး

 

 

နေပြည်တော် မေ ၁၅

            ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနှင့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်များကို ဗဟိုအဖွဲ့အစည်း/ ပြည်ထောင်စုဝန်ကြီးဌာန တစ်ခုချင်းအလိုက် အသေး စိတ် ညှိနှိုင်းဆွေးနွေးလျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ညှိနှိုင်းအစည်းအဝေးကို ၁၄.၅.၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆) တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တက်ရောက် ခဲ့သည်။

           ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဘဏ္ဍာနှစ်ကို ပြောင်းလိုက်သည့်အတွက် စီမံကိန်းနှစ်နှင့် ဆက်စပ်နေသည့် စီမံကိန်းနှစ်ကိုပါလိုက်၍ ပြောင်း လဲရပါကြောင်း၊ ဘဏ္ဍာနှစ် နှစ်ဟောင်းနှင့် နှစ်သစ်ကြားတွင်ပေါင်းကူးကာလ ၆လ ဘဏ္ဍာရေး ကာလအဖြစ် ဆောင်ရွက်ခဲ့ရပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အား အနှစ်(၂၀)စီမံကိန်း၏ အခြေပြုနှစ်အဖြစ် ခိုင်ခိုင်မာမာပြန်လည်ရေးဆွဲရန် ဦးတည်ချက်ရှိပါကြောင်း၊ ၆လ တာ ကာလ စီမံကိန်းရေးဆွဲရာတွင်လည်း အထက်အောက်အဆင့်ဆင့် ညှိနှိုင်းရေးဆွဲခဲ့ပါကြောင်း၊ ဝန်ကြီး ဌာနများအောက်ရှိ သက်ဆိုင်ရာဌာန အသီးသီးအနေဖြင့် မိမိဌာန၏ လုပ်ငန်းကို အခြေခံ၍ ဖြစ်တည်ဆဲလုပ်ငန်း၏ အကျယ်အဝန်း၊ ဦးစားပေးလုပ်ငန်းများ၊ မိမိဌာန မှအရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် အခြေပြု၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝန်ကြီး ဌာန၏ မဟာဗျူဟာ မူဘောင်နှင့် နိုင်ငံတော်၏စီးပွားရေးမူဝါဒများ၊ SDGs များ၊ အနှစ် (၂၀)စီမံကိန်း၏ ရည်မှန်းချက်များအား ကိုက်ညီအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဦးစားပေးဆောင်ရွက်လိုက်သည့် စီမံကိန်းများသည်လည်း စိုက်ပျိုးရေးကဏ္ဍ တစ်ခုလုံး အတွက် ဖြစ်တည်နေသော Infrastructure များ၊ အခြား Situation များပေါ် အခြေပြု၍ မည်သည့် လုပ်ငန်းများကို မဖြစ်မနေ လုပ်မှဖြစ်မည်ဆိုသည့် ဦးတည်ချက်များ ချမှတ် ဆောင်ရွက်လျှင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်စီမံကိန်းသည် အနှစ် (၂၀)စီမံကိန်းအတွက် ခြေခြေ မြစ်မြစ် အခြေခံ ကောင်းကောင်းနှင့် ဆောင်ရွက်နိုင်မည့် Solid Plan ဖြစ်မည်ဖြစ်ကြောင်း၊ အဓိကကျသည့် မဟာဗျူဟာ ရည်မှန်းချက်များအား စီမံကိန်းတွင် ထည့်သွင်းရေးဆွဲမှသာ ဘတ်ဂျက်သော်လည်းကောင်း၊ Project သော်လည်းကောင်း ဆက်လက် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအားလည်း On going သွားရမည် ဖြစ်ပါကြောင်း၊ ယနေ့ ရောက်ရှိနေသည့် စိုက်ပျိုးထုတ်လုပ်မှုရဲ့ ပုံသဏ္ဍာန်၊ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေထက် ပိုမိုမြင့်မားသည့် စက်မှုလယ်ယာကို ဖော်ဆောင်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းရေးဆွဲခြင်း လုပ်ငန်းစဉ် များအား စီမံကိန်းကော်မရှင်၏ ဘောင်ထဲမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

            အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ဦးစီးဌာန/ အဖွဲ့ အစည်းများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အခြားဗဟိုအဖွဲ့အစည်း/ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်လည်း ၂၀၁၈ ခုနှစ် ဇွန်လ ၁၈ ရက်နေ့အထိ ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။