မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ် (၇၆) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော်၊ ဧပြီ ၁

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက် (၉:၀၀) နာရီတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၂၆)၊ နေပြည်တော်၌ကျင်းပပြုလုပ်သည့် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ် (၇၆) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ သင်တန်းဆင်း မြို့နယ်အခွန်ဦးစီးဌာနမှူးများအနေဖြင့် သင်တန်းမှပို့ချပေးခဲ့သည့် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေများ၊ ခေတ်စနစ်နှင့်အညီပြုပြင်ပြောင်းလဲနေသော အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအခြေအနေများ၊ အသစ်ရေးဆွဲပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ ညွှန်ကြားလွှာ၊ အမိန့်ကြော်ငြာစာများ၊ စီမံရေးရာနှင့်ဝန်ထမ်းရေး ရာကိစ္စရပ်များ၊ လက်တွေ့လုပ်ငန်းခွင်တွင် ကြုံတွေ့ရမည့် အခွန်စည်းကြပ်ကောက်ခံမှု အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်သည့်နည်းလမ်းများကို လေ့လာသင်ယူကြပြီးဖြစ်၍ သင်တန်းမှ ဆည်းပူးရရှိလာသည်များကို လက်တွေ့ဆောင်ရွက်မှုများဖြင့် ပေါင်းစပ်အသုံးချဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ရရှိလာသည့် အတွေ့အကြုံ၊ ပညာများနှင့်အတူ အခွန်ထမ်းပြည်သူများကို စိတ်ရင်းစေတနာအမှန်ဖြင့် အဂတိတရားကင်းရှင်းစွာ ဝန်ဆောင်မှုပေးကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနကို အဆင့်မီအခွန်ဌာနတစ်ရပ်ဖြစ်လာစေရန် အဓိကဦးတည်အကောင်အထည်ဖော်ရာတွင် ဝန်ထမ်းများ၏လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသည် အရေးကြီးကြောင်း၊ သို့မှသာလျှင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ အပြည့်အဝရရှိရေးကို ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်နိုင်ကြ မည်ဖြစ်ကြောင်း၊
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်တွင် အခွန်ထမ်းပြည်သူများကပေးသွင်းသော အခွန်ငွေများကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများအပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပြည်သူ့ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ အကျိုးရှိရှိခွဲဝေသုံးစွဲဆောင်ရွက်နေသည်ကို အခွန်ထမ်းပြည်သူများ သိရှိနားလည်သဘောပေါက်လာအောင် ဝန်ထမ်းများက စိတ်ရှည်စွာရှင်းပြပြီး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွန်ထမ်းပြည်သူများက တာဝန်သိစွာ အခွန်ပေးဆောင်လာစေရန် စဉ်ဆက်မပြတ် အသိပညာပေး စည်းရုံးဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ သင်တန်းသားများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး၊ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အဆင့်မြင့်အရာထမ်းများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး၊ ရက်သတ္တပတ် (၈) ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့သည့် အဆိုပါသင်တန်းသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၇၉) ဦးတို့ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်