ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်းအနားကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ၊ နံနက်(၉:၄၅) နာရီအချိန်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ  ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်ဌာနအကြီးအကဲများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် ဝန်ကြီးဌာနအဖွဲ့အစည်း(၃၄)ခုမှ ညွှန်ကြားရေးမှူးအဆင့် သင်တန်းသားများ၊ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ကြပါသည်။ 
    အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားရာ၌ ဌာနအဖွဲ့အစည်းများအနေဖြင့် မိမိတို့ရေးဆွဲသည့် စီမံကိန်းများ၊ အသုံးပြုသည့် ဘတ်ဂျက်များသည် ပြည်သူများနှင့်သက်ဆိုင်သည့် ပြည်သူ့ဘဏ္ဍာများကို သုံးစွဲဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ပြည်သူများအကျိုးဖြစ်ထွန်းစေရန်၊ နိုင်ငံတော်ကို နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်အောင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းချက်များဖြင့် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အသုံးစရိတ်သုံးစွဲမှု မှန်သမျှအကျိုးရှိစေရန်၊ ထိရောက်စေရန်၊ အလေအလွင့်မရှိစေရန် သုံးစွဲရမှာဖြစ်ကြောင်း၊ ရသင့် ရထိုက်သော ရငွေများကိုလည်း အခွန်အကောက် ရငွေဖြစ်စေ၊ အခွန်အကောက်မဟုတ်သော ရငွေဖြစ်စေ၊ အပြည့်အဝရရှိနိုင်စေရန် စဉ်ဆက်မပြတ် ကြိုးပမ်းရမှာဖြစ်ကြောင်း၊ သင်တန်းမှာရရှိခဲ့တဲ့ အတွေ့အကြုံများကို စီမံကိန်းများ၊ ဘတ်ဂျက်များ မရေးဆွဲမီ ပြင်ဆင်ခြင်းမှစ၍ ရေးဆွဲခြင်း၊ စိစစ်ခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ကြီးကြပ်စစ်ဆေးခြင်း၊ အစီရင်ခံတင်ပြခြင်းအဆုံး လုပ်ငန်းစဉ် အဆင့်ဆင့်မှာ ထည့်သွင်းအသုံးချကြရမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှာ ပို့ချပေးခဲ့တဲ့ သင်ခန်းစာ များကို မိမိတို့ ဌာန၊အဖွဲ့အစည်းရဲ့ လုပ်ငန်းနယ်ပယ်မှာ လက်တွေ့ပြန်လည်အသုံးချနိုင်အောင် ကြိုးစားရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် စွမ်းရည်ပြည့်ဝတဲ့ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဖြစ်စေရန် ထိထိရောက်ရောက် ပံ့ပိုးပေးကြပါရန် ပြောကြားပါသည်။
    ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများက  သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသင်တန်းများ၊ ကာလတိုအထူး သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဘာသာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုဖွင့်လှစ်သည့် အထူးမွမ်းမံသင်တန်းသည် ညွှန်ကြားရေးမှူး အဆင့်အရာရှိကြီးများအတွက်ဖြစ်ပြီး သင်တန်းသား (၃၉) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။          
(သတင်းစဉ်)