စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ


နေပြည်တော်၊ စက်တင်ဘာ ၉

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း (JICA, Two Step Loan) စီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေး (၁၈/၂၀၂၁)ကို  ယနေ့၊  နေ့လည်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆) တွင် Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ရာ စီမံကိန်းဦးဆောင်ကော်မတီ ဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ  စုံညီစွာ တက်ရောက်ကြပါသည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးအတွက် JICA, Two Step Loan ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် စတင်ခဲ့ပြီး၊ စီမံကိန်းတန်ဖိုး ကျပ် (၂၀၀) ဘီလီယံခန့်ရှိကြောင်း၊ ချေးငွေကို ဆိုင်းငံ့ကာလ (၁၀) နှစ်၊ ပြန်ဆပ် ကာလ နှစ် (၃၀)၊ စုစုပေါင်း နှစ် (၄၀) အထိ သုံးစွဲနိုင်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူ လယ်သမားများ၏ လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် လယ်ယာသုံးစက် ကိရိယာများနှင့် လယ်ယာစီးပွားအခြေခံ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများအပါအဝင် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်ရန် အတိုးနှုန်းသက်သာသည့်ချေးငွေများကို တောင်သူတစ်ဦးချင်းသို့ ကျပ် သိန်း (၅၀၀) ထိ အတိုးနှုန်း (၅) ရာခိုင်နှုန်း၊ နှစ်တို (၃) နှစ်၊ နှစ်ရှည် (၅) နှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လကုန်ထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီး/ပြည်နယ် (၁၄) ခုရှိ မြို့နယ် (၁၈၇) မြို့နယ်တို့မှ တောင်သူ (၅,၅၅၆) ဦး သို့ ချေးငွေ ကျပ် (၂၂၉.၁၂၆) ဘီလီယံ ထုတ်ချေးထားပြီးဖြစ်သည်ကိုတွေ့ရကြောင်း၊ ပထမချေးငွေရယူထားသည့် တောင်သူများမှပြန်ဆပ်သည့်ငွေကို ချေးငွေရယူလိုသည့် အခြားတောင်သူများသို့ စဉ်ဆက်မပြတ် ထုတ်ချေးခြင်းဖြင့် ချေးငွေရရှိသူတောင်သူဦးရေ များပြာလာမှာဖြစ်ကြောင်း၊ ချေးငွေများပုံမှန် ပြန်လည် ကောက်ခံရရှိရန်နှင့် ဆုံးရှုံးမှုမရှိစေရန် ချေးငွေထုတ်ချေးရာတွင် စနစ်တကျစိစစ် ဆောင်ရွက်ရန် လိုသကဲ့သို့ ချေးငွေသက်တမ်းတစ်လျှောက်လုံး အနီးကပ်စောင့်ကြည့်ကြတ်မတ် ရန်လိုကြောင်း၊  သို့မှသာ ချေးငွေအစီစဉ်တစ်ရပ်လုံးကို ကောင်းမွန်စွာဖြင့် လည်ပတ်နိုင်စေမည် ဖြစ်ပြီး၊ တောင်သူများ၏ ဝင်ငွေတိုးတက်မှုနှင့်အတူ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲအဆင့်ဆင့်တို့မှ တာဝန် ရှိသူများအနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် အမြဲမပြတ် ချေးငွေအကဲဖြတ်သုံးသပ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းများပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြား ပါသည်။ 

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန် ရှိသူများက JICA, Two Step Loan ချေးငွေထုတ်ချေးထားမှု့အခြေအနေ၊ ဆက်လက်ထုတ်ချေးနိုင် မည့်အခြေအနေ၊ ချေးငွေပြန်လည်ပေးဆပ်မှုအခြေအနေနှင့် JICA နှင့် ဆက်သွယ်ဆောင်ရွက်ထား ရှိမှုများကို ရှင်းလင်းတင်ပြရာ တက်ရောက်သူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပါသည်။ 

ဦးဆောင်ကော်မတီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟို ဘဏ်တို့မှ အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်ပါသည်။ အဆိုပါချေးငွေအစီအစဉ်အရ ဆက်လက်ထုတ်ချေးရာတွင် နိုင်ငံတော်က ဦးစားပေး ချမျတ်ထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေပံ့ပိုးမှုအစီ အစဉ်များကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


(သတင်းစဉ်)