စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာ့စီးပွားရေးဘဏ်မှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲမန်နေဂျာများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်၊ မေ ၈
    စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် မေလ ၈ ရက်နေ့၊ နေ့လယ် (၁)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ငွေချေးသက်သေခံလက်မှန်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးတို့မှ ဌာနအကြီးအကဲများ၊ မြန်မာ့စီးပွားရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာ၊ ခရိုင်ဘဏ်ခွဲမန်နေဂျာများနှင့် မြို့နယ်ဘဏ်ခွဲမန်နေဂျာများအား တွေ့ဆုံ၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ယင်းသို့ တွေ့ဆုံရာတွင် ရန်ကုန်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲ မန်နေဂျာများမှ ဘဏ်ခွဲတစ်ခုချင်းအလိုက် ငွေသွင်း/ငွေထုတ်အခြေအနေများ၊ နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ လစဉ် ပင်စင်လစာထုတ်ပေးနေမှု၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီ ငွေသားထုတ်ပေးရေး စီစဉ်ဆောင်ရွက်နေမှု၊ ATM စက်များ၏ ငွေကြေးဝန်ဆောင်မှုပေးနေသည့်အခြေအနေများနှင့် ကြုံတွေ့နေရသည့် အချက်အခဲများကို တင်ပြဆွေးနွေးကြပါသည်။ တင်ပြချက်များအပေါ် မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြပါသည်။    
   ထို့နောက် ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ဆွေးနွေးခြင်းနှင့် နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံတော်ပိုင်ကူးသန်းရောင်းဝယ်ရေးဘဏ်ကြီးဖြစ်ပြီး၊ အစိုးရအပ်ငွေစာရင်းထိန်းသိမ်းခြင်း၊ အများပြည်သူများ၏အပ်ငွေနှင့် ငွေလွှဲဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေခြင်းအပြင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာထုတ်ပေးမှုများကိုလည်း ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ဘဏ်လုပ်ငန်းကဏ္ဍတွင် ငွေကြေးပုံမှန်လှည့်ပတ်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်နှင့်အညီ အပ်ငွေလက်ခံခြင်းနှင့် ငွေသားထုတ်ပေးမှုများကို တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ATM စက်များ၏ ငွေကြေးဝန်ဆောင်မှုများကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို အများပြည်သူမှ အဆင်ပြေစွာသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် လက်ရှိအခြေအနေတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို သုံးသပ်၍ အများပြည်သူအတွက် ငွေကြေးဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်ပေးရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ယင်းလုပ်ငန်းဆွေးနွေးပွဲသို့ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံးတို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် ဘဏ်ခွဲမန်နေဂျာများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။                                                                                        

သတင်းစဉ်
 

, , , , ,