ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်း ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

,

          စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ယနေ့ညနေ ၄ နာရီတွင် ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက၂၀၁၈-၂၀၁၉ စီမံကိန်း ရည်မှန်း ချက်များရေးဆွဲရာတွင် ကိန်းဂဏန်းများကို တိကျမှန်ကန်စွာ ရေးဆွဲရန်လိုကြောင်း၊ ဌာနများမှ စီမံကိန်းရည်မှန်းချက်များရေးဆွဲ၍ ပြည်နယ်အစိုးရသို့ တင်ပြ အတည်ပြု ရန်၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထု လိုလားသော စီမံကိန်းများ ရေးဆွဲမှသာလျှင် ချင်းပြည်နယ်သည်လည်း မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ စာရင်းအင်းဥပဒေအရ စာရင်းအင်း ကိန်းဂဏန်းများကို မှန်မှန် ကန်ကန် ပြုစုရန်လိုအပ်ကြောင်း၊ ယခုတက်ရောက်လာသည့် ဌာနဆိုင်ရာ ပြည်နယ် တာဝန်ခံများသည် လုပ်ငန်းအတွေ့အကြုံရှိသူများ ဖြစ်သည့်အတွက်ကြောင့် ချင်း ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ‌ဆောင်ရွက်ကြစေလိုကြောင်း၊ ပြောကြားခဲ့ပါသည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက ချင်းပြည်နယ်အနေဖြင့် ပထဝီအနေအထား၊ တောတောင် ရာသီဥတု အခြေအနေအရ လမ်းပန်းဆက်သွယ်ရေးအား အထူးဦးစားပေး ဆောင်ရွက်ရန်နှင့် ဆောင်ရွက်မည့် လမ်းပိုင်းစီမံကိန်းများနှင့် ပတ်သက်၍ ဘတ်ဂျက်ကို ဦးစားပေး တင်ပြတောင်းခံရန်၊ အခြေခံအဆောက်အအုံနှင့် ပတ်သက်၍ လျှပ်စစ်မီးရရှိရေးနှင့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်းများ ဖော်ဆောင်ပေးရန်၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်စေရန် ပုဂ္ဂလိက ကဏ္ဍကို ဦးစားပေးဆောင်ရွက်ရန်၊ ဖလမ်းလေဆိပ် စီမံကိန်းအား အချိန်ဇယား သတ်မှတ်၍ လိုအပ်သည့် ဘတ်ဂျက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းတောင်းခံသွားရန်နှင့် ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ကိစ္စ ရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် SME ချေးငွေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး ချေးငွေများ ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဟားခါး၊ မတ်လ ၁၀

(သတင်းစဉ်)