စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း (၂၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ၏သီးသန့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

,

မြန်မာနိုင်ငံ၏ အာဆီယံ စီးပွားရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ စင်ကာပူနိုင်ငံ Shangri La Hotel တွင် ကျင်းပသည့် (၂၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ ပါဝင်တက်ရောက်ပါသည်။

အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ဝန်ထမ်းများ စုစုပေါင်းကိုယ်စားလှယ် (၁၀၀) ဦးခန့် ပါဝင်တက်ရောက်ကြပြီး ၂၀၁၈ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ စင်ကာပူနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီး၊ ကုန်သွယ်ရေးနှင့်စက်မှု ဝန်ကြီးဌာန ဝန်ကြီး Mr. Lim Hng Kiang က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ပါသည်။

ပထမဦးစွာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၇ နာရီတွင် Dutch Pavilion ခန်းမ၌ ကျင်းပသည့် အလုပ်သဘောညစာစားပွဲတွင် အာဆီယံစီးပွားရေးဝန်ကြီးများမှ စင်ကာပူနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်  ၂၀၁၈ ခုနှစ် အတွင်း ဦးစားပေး ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာကိစ္စရပ်များအပေါ် အတည်ပြုခြင်း၊ (၃၃) ကြိမ်မြောက် အာဆီယံ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေးမှ စီးပွားရေး ဝန်ကြီးများထံ တင်ပြသည့် အစီရင်ခံစာအပေါ် လမ်းညွှန်မှုပေးခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တင်ပြသည့် အေအီးစီလုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှု အခြေအနေကို မှတ်တမ်းတင်ခြင်းနှင့် ဆောင်ရွက်ရန်ကျန်ရှိနေသည့် လုပ်ငန်းများကို ပြီးစီးအောင်ဆောင်ရွက်ရန် သက်ဆိုင်ရာ အေအီးစီကဏ္ဍအလိုက် အဖွဲ့များကို တိုက်တွန်းခြင်း တို့ကို ဆောင်ရွက်ပါသည်။

မတ်လ ၁ ရက်နေ့တွင် (၂၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ၏ သီးသန့် အစည်းအဝေးကို Tower Ballroom ၌ ကျင်းပရာ ဝန်ကြီးများမှ အာဆီယံ ကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု၊ အာဆီယံဝန်ဆောင်မှုဆိုင်ရာ မူဘောင် သဘောတူစာချုပ်၏ ဒဿမအသုတ်အတွက် ဝန်ဆောင်မှုကဏ္ဍများ ဖြေလျှော့မှုအခြေအနေ၊ အာဆီယံဝန်ဆောင်မှုကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုရေး ဆွေးနွေး ညှိနှိုင်းမှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရန်ကိစ္စများ၊ အာဆီယံနှင့် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ရန် အလားအလာရှိသည့်နိုင်ငံများအား လေ့လာ ထားသည့်စာတမ်းနှင့်  အာဆီယံစီးပွားရေး​ အကြံပေးကောင်စီမှ တင်ပြသည့် အကြံပြုချက်များ အပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေး ပါသည်။

မတ်လ ၂ ရက်နေ့တွင် Tower Ballroom ကျင်းပပြုလုပ်သည့် (၁၆) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများနှင့် အီးယူကုန်သွယ်မှုကော်မရှင်နာတို့ အစည်းအဝေးတွင် ဝန်ကြီးများမှ အာဆီယံ-အီးယူ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအစီအစဉ် (၂၀၁၇-၂၀၁၈) ၏ အကောင်အထည်ဖော်မှု အခြေအနေများအပေါ် မှတ်တမ်းတင်ပြီးနောက် အာဆီယံ-အီးယူ လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်နိုင်ရေးအတွက် မူဘောင် ရေးဆွဲနေမှု အခြေအနေ အပေါ် ဆွေးနွေးခြင်းနှင့် အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ကြေညာချက်အပေါ် အတည်ပြုခြင်း များပြုလုပ်ပါ သည်။

ထို့နောက် မတ်လ ၃ ရက်နေ့တွင် Island Ballromm တွင် ကျင်းပပြုလုပ်သည့် အာဆီယံနှင့် ယင်း၏ လွတ်လပ်သော ကုန်သွယ်ဖက်နိုင်ငံများ ပါဝင်ညှိနှိုင်းလျက်ရှိသည့်  (၄) ကြိမ်မြောက် အာဆီယံဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ဝန်ကြီးအဆင့် ကြားဖြတ် ညှိနှိုင်းအစည်းအဝေးတွင် (၂၁) ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီ အစည်းအဝေးမှ ဝန်ကြီးများထံ တင်ပြသည့် အစီရင်ခံစာအပေါ် ဆွေးနွေးခဲ့ပြီးနောက်  ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းမှုများ ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ်နိုင်ရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက်ရန်ကိစ္စများကို လမ်းညွှန် မှုပြုခြင်းနှင့် အစည်းအဝေး ပူးတွဲထုတ်ပြန်ကြေညာချက်ကို အတည်ပြုခြင်းများ ဆောင်ရွက်ပါသည်။

(၂၄) ကြိမ်မြောက် အာဆီယံစီပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးမတိုင်မီ ၂၇-၂-၂၀၁၈ ရက်နေ့ တွင် အာဆီယံ အဆင့်မြင့်စီးပွားရေးအရာရှိများ၏ အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်းနှင့် ယင်းအစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်းလည်း သတင်းရရှိပါသည်။

နေပြည်တော်၊ မတ် ၃