SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးလုပ်ငန်း၊ နည်းပညာ စီမံခန့်ခွဲမှု ကိစ္စများနှင့် စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေးကျင်းပ

နိုင်ငံတော်၏ စီးပွားရေး လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် အရေးပါသည့် SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးလုပ်ငန်း၊ နည်းပညာ စီမံခန့်ခွဲမှု ကိစ္စများနှင့် စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ရုံးအမှတ် (၁) အစည်းဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင်  နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရာတွင် ရှိသမျှစွမ်းအားများကို ထုတ်သုံးဖို့ လိုကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် စီပွားရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခြင်း မပြုဘဲ အခြေခံမှစ၍ ခြေခြေမြစ်မြစ် ကျွမ်းကျင်တတ်သိနားလည်သည့်  စီးပွားရေး လုပ်ငန်းရှင် များကို ပံ့ပိုးဆောင်ရွက်ခြင်းသည်သာလျှင် မှန်ကန်သည့် နည်းလမ်းအဖြစ်ယူဆကြောင်း၊ မိမိတို့အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများကို လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ပေးရမည် ဆိုသည့် အခြေခံမူကို ကိုင်စွဲထားပကြောင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ၏ ဆုံးရှုံးနေမှု များကို လျှော့ချနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး အကျိုးဖြစ်ထွန်းနိုင်မည့် နိုင်ငံတော်ပိုင် စက်ရုံများကို လုပ်ကိုင်ဆောင်ရွက်လိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်း ဆောင်ရွက် လျက်ရှိကြောင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများသည်လည်း ပြည်ပအိမ်နီးချင်းနိုင်ငံများ၏ ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်စွမ်း အားနည်းနေသေးကြောင်း၊ ထိုကြောင့် ပြည်တွင်း SMEs လုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်း မြင့်တက်လာစေရေးအတွက် သွင်းကုန်အစားထိုး၊ ပို့ကုန် ဦးစားပေးမူဝါဒဖြင့် အားပေးကူညီလျက်ရှိကြောင်း၊ စိုက်ပျိုးရေးအခြေခံ စက်မှုနိုင်ငံ (Agri-based Industrial Nation) ဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝ သယံဇာတ များ ပေါများသော်လည်း အသုံးမပြုနိုင်ပါက ပေါများသည်ဟု ယူဆ၍မရကြောင်း၊ ပိုင်ဆိုင်ထား သည့် အရင်းအမြစ်များကို အကျိုးရှိရှိ အသုံးပြုနိုင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊

ဆီစက်လုပ်ငန်းများ ထုတ်လုပ်မှု အရည်အသွေးကောင်းမွန်လာပါက ပြည်ပမှစားသုံးဆီ တင်သွင်းမှုကို လျှော့ချနိုင်သည်သာမက မွေးမြူရေးလုပ်ငန်းများအတွက် တိရစ္ဆာန် အစား အစာများ ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် တိရစ္ဆာန်တင်ပို့မှုနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများကို ဖြေလျော့ ပေးခဲ့ကြောင်း၊ လယ်ယာကဏ္ဍ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍများအတွက် ချေးငွေကျပ် ဘီလျံ ၇၀၀ ထုတ်ချေးနိုင်ရေး အသေးစိတ်စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊  ယခုတက်ရောက်လာသော လုပ်ငန်းရှင်များသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နိုင်သည့် တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်များအဖြစ် ရှုမြင်ပါကြောင်း၊ လုပ်ငန်းရှင်များ ဆောင်ရွက်လိုသည်များကို မှတ်တမ်းတင်ထားရှိပြီး လုပ်ငန်းအလိုက်၊ အသေးစိတ် ဆက်လက် ဆွေးနွေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထိုနောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဘဏ်များ အသင်းတို့မှ တာဝန်ရှိသူများက လုပ်ငန်းအလိုက်ဖွံ့ဖြိုးတိုးတက်မှု၊ ဆောင်ရွက်လိုသည့် ကိစ္စများ၊ တွေ့ကြုံနေရသည့် အခက်အခဲနှင့် နိုင်ငံတော်မှ ဆောင်ရွက်ပေးစေလိုသည့်ကိစ္စများကို ဆွေးနွေး တင်ပြကြသည်။ လုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူ များကဌာနအလိုက် နိုင်ငံတော်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်သည့် ကိစ္စများကို ပြန်လည် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

          ညှိနှိုင်းအစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှု ဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဘဏ်များအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၂