အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၁၈) အစည်းအဝေးသို့ တက်ရောက်အမှာ စကားပြောကြား

အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၁၈) အစည်းအဝေးကို နံနက် ၁၀ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ

အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတဦးထင်ကျော် တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ

ဦးဟင်နရီဗန်ထီးယူ၊ စီမံကိန်းကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊

ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ၊

ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းနှင့် ဒေသဦးစီးဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်က

"ယခုကျင်းပတဲ့ အစည်းအဝေးဟာ ၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအထိ (၆) လတာ ကာလအတွက် အမျိုးသားစီမံကိန်းကို

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြည်ထောင်စုလွှတ်တော်သို့ မတင်သွင်းမီ ချပြညှိနှိုင်းပြီး

အတည်ပြုချက်ရယူဖို့ ကျင်းပတဲ့ အစည်းအဝေးဖြစ်ပါတယ်။
"၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကစပြီး မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ်ကာလကို အောက်တိုဘာ ၁ ရက်နေ့ကနေ စက်တင်ဘာ ၃၀ ရက်နေ့အထိ

သတ်မှတ်ပြောင်းလဲ ကျင့်သုံးမှာဖြစ်ပါတယ်။ ပြောင်းလဲကျင့်သုံးမယ့် ဘဏ္ဍာရေး နှစ်ကာလနဲ့အညီ နိုင်ငံတော်ရဲ့ အမျိုးသားစီမံကိန်းနဲ့

ဒေသန္တရစီမံကိန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကစပြီး စီမံကိန်းကာလကို အောက်တိုဘာ ၁ ရက်နေ့ကနေ စက်တင်ဘာ ၃၀ ရက်နေ့အထိ သတ်မှတ်

ပြောင်းလဲရေးဆွဲရမှာဖြစ်ပါတယ်။
"ဘဏ္ဍာရေးနှစ်ပြောင်းလဲသတ်မှတ်ရာမှာ လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်နဲ့ ပြောင်းလဲကျင့်သုံးမယ့် ဘဏ္ဍာရေးနှစ်သစ်တို့အကြား

ကြားကာလဖြစ်တဲ့ ၂၀၁၈ ခုနှစ်၊ ဧပြီလကနေ စက်တင်ဘာလအထိ (၆)လတာ ကာလကို “ဘဏ္ဍာရေးနှစ်ပြောင်းလဲရေးကာလ”အဖြစ် သတ်မှတ်ပြီး

ပေါင်းကူးဆောင်ရွက်မယ့်လုပ်ငန်း အစီအစဉ်တွေကို ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲဒီ (၆)လတာ ကာလအတွင်း ဆောင်ရွက်မယ့် မူဝါဒတွေ၊

ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေနဲ့ ဦးစားပေးအစီအစဉ်တွေကိုလည်း (၆) လတာ အမျိုးသား စီမံကိန်းဥပဒေကြမ်းအဖြစ် ရေးဆွဲပြဋ္ဌာန်းပြီး

အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ "နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတွေ ရေးဆွဲရာမှာ ပြည်သူတွေအတွက်

လတ်တလော လိုအပ်ချက်နဲ့ တိုင်းပြည်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development) ကို ခွဲခြားရှုမြင်ပြီး (၆)လတာ အမျိုးသားစီမံကိန်း

ရေးဆွဲတဲ့အခါ ကဏ္ဍအလိုက်၊ ဒေသအလိုက် လတ်တလော ဖြည့်ဆည်း ပေးရမယ့် လိုအပ်ချက်တွေကို နိုင်ငံတော်ကနေ ခွင့်ပြုနိုင်မယ့်

ဘတ်ဂျက်ပမာဏအတွင်းမှာပဲ အထိရောက်ဆုံး ဖြစ်အောင် ပေါင်းစပ်ရေးဆွဲကြဖို့ လိုအပ်ပါတယ်။
"ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေအနေနဲ့လည်း စီမံကိန်းရည်မှန်းချက် တွေကို ရေးဆွဲအဆိုပြုရာမှာ

ကုလသမဂ္ဂထောင်စုနှစ် အလွန်ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုပန်းတိုင်တွေ၊ နိုင်ငံတော်က ချမှတ်ထားတဲ့ စီးပွားရေး မူဝါဒတွေ၊ ကာလရှည်နဲ့ ကာလတို

ရည်မှန်းချက်တွေအပေါ်မှာ အခြေခံပြီး မိမိတို့ရဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေနဲ့အညီ ဦးစားပေးအစီအစဉ်တွေကိုလည်း ချိန်ညှိရေးဆွဲကြဖို့

လိုအပ်ပါတယ်။ ဒါ့အပြင် စီးပွားရေးကဏ္ဍအလိုက်မှာ တာဝန်ခံပြည်ထောင်စု ဝန်ကြီး ဌာနများ၊ ဒေသတာဝန်ခံ တိုင်းဒေသကြီး/ပြည်နယ်

အစိုးရအဖွဲ့များရဲ့ ရည်မှန်းချက် တွေနဲ့ နိုင်ငံတော်ကချမှတ်ထားတဲ့ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒတွေနဲ့လည်း ပေါင်းစပ်ရေးဆွဲ

ဆောင်ရွက်ရမှာဖြစ်ပါတယ်။
"ပြည်ထောင်စုဝန်ကြီးဌာနတွေရဲ့ ကဏ္ဍအလိုက်ရည်မှန်းချက်တွေ ရေးဆွဲရာမှာ တိုင်းဒေသကြီး/ပြည်နယ်တွေ ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေဖို့၊

မျိုးဆက်သစ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့၊ စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးစေမယ့် စီးပွားရေးစနစ်တစ်ရပ်

ထူထောင်နိုင်ဖို့ အလေးထား ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အလားတူ တိုင်းဒေသကြီး/ပြည်နယ် ဒေသန္တရစီမံကိန်းတွေရေးဆွဲခြင်းနဲ့

အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကိုလည်း နိုင်ငံတော်ရဲ့မူဝါဒနဲ့ လုပ်ငန်းစဉ်တွေအတိုင်း လိုက်ပါ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်

တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တွေအနေနဲ့ မိမိတို့ရဲ့ တိုင်းဒေသကြီး/ပြည်နယ် ဒေသန္တရစီမံကိန်းတွေကို ရေးဆွဲရာမှာ

ပြည်ထောင်စုကချမှတ်ထားတဲ့ မူဝါဒတွေနဲ့ လိုက်လျောညီ ထွေရှိမယ့် ဒေသန္တရစီမံကိန်းတွေဖြစ်အောင် အလေးထား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
"နိုင်ငံတော်ရဲ့မူဝါဒတွေဟာ ပိုမိုပြည့်စုံတဲ့ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အခြေခံတဲ့မူဝါဒတွေဖြစ်စေဖို့အတွက်

လိုအပ်တဲ့ ဗျူဟာတွေနဲ့ Actions Plan တွေ ရေးဆွဲလျက်ရှိပြီး အဲဒီဗျူဟာတွေနဲ့အညီ ဦးစားပေး လုပ်ငန်းစီမံကိန်းတွေကို

ချမှတ်အကောင်အထည်ဖော်သွားဖို့ လိုအပ်ပါတယ်။ "၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအထိ (၆) လတာ ကာလဟာ မိုးရာသီဖြစ်တဲ့အတွက်

လယ်ယာကဏ္ဍမှာ မိုးသီးနှံများစိုက်ပျိုးချိန်ဖြစ်ပါတယ်။ ဒါကြောင့် စက်မှုကဏ္ဍမှာလည်း လယ်ယာထွက်ပစ္စည်း ကြိတ်ခွဲမွမ်းမံမှုနည်းပါးမှာ

ဖြစ်ပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ အကန့်အသတ် တွေလည်း ဖြစ်ပေါ်နိုင်ပါ တယ်။
"ဒါပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်ခြင်း၊ ငွေကြေးအရင်းအနှီး လိုအပ်နေတဲ့ စီးပွားရေး အခြေခံလုပ်ငန်းတွေကို နှစ်လတ်ချေးငွေများ

ထုတ်ချေးပေးခြင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ညှိနှိုင်းပေါင်းစပ်ခြင်းတွေကို ဆောင်ရွက် ပေးနေတာ ဖြစ်လို့ အသေးစားနဲ့အလတ်စား

စက်မှုလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်မယ့် အလားအလာတွေရှိမယ်လို့ မျှော်မှန်းထားပါတယ်။ "ဒါ့အပြင် နိုင်ငံတစ်ဝန်းလုံးမှာ လမ်းကွန်ရက်တွေ

ကောင်းမွန်လာတာကြောင့် ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေး၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းတွေ၊ ဘဏ္ဍာရေး ဝန်ဆောင်မှုနဲ့ ငွေကြေးဝန်ဆောင်မှုတွေ

ပိုမိုတိုးတက်ဖြစ်ထွန်း ကောင်းမွန်လာမယ်လို့ မျှော်မှန်းထားတာကြောင့် လာမယ့်ဘဏ္ဍာရေးနှစ် ပြောင်းလဲရေးကာလဖြစ်တဲ့ ၂၀၁၈ ခုနှစ် ဧပြီလကနေ

စက်တင်ဘာလအထိ (၆) လအတွက် အမျိုးသားစီမံကိန်းမှာ နိုင်ငံရဲ့ GDP ကို ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မယ်လို့ မျှော်မှန်းထားတာ

တွေ့ရှိရပါတယ်။
"မိမိတို့အနေနဲ့ လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ပြန်လည်သုံးသပ်ကြည့်ရာမှာ

ဘဏ္ဍာရေးနှစ်ကုန်မှာ စီမံကိန်းရည်မှန်းချက်တွေ ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ "လက်ရှိနိုင်ငံရဲ့ စီးပွားရေးဟာ

အရှိန်အဟုန်နဲ့ မတိုးတက်သော်လည်း စိုက်ပျိုး ချိန်နဲ့ ရိတ်သိမ်းချိန်များမှာ ရာသီဥတုကောင်းမွန်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ

စီးဝင်လာခြင်းနဲ့အတူ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုတွေ၊ ပို့ဆောင်ရေးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဆက်သွယ်ရေး၊

ငွေရေးကြေးရေးနဲ့ အခြားဝန်ဆောင်မှုတွေနဲ့ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းတွေ ပိုမိုကောင်းမွန်လာခြင်းစတဲ့ အချက်တွေအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ရဲ့

စီးပွားရေးတိုးတက်မှုနှုန်းကို ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
"စီမံကိန်းတွေ ရေးဆွဲအကောင်အထည်ဖော်ရာမှာ နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေ၊ နိုင်ငံတော်ရဲ့ ဦးစားပေးအစီအစဉ်တွေနဲ့ ကဏ္ဍအလိုက်

တိုးတက်ရေး ဦးစားပေးအစီအစဉ်တွေ၊ ဒေသဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ်တွေဟာ ညီညွတ်ရမှာ ဖြစ်သလို အခြေခံတဲ့ စာရင်းအင်းကိန်းဂဏန်း

အချက်အလက်တွေ ပြည့်စုံ၊ တိကျ၊ မှန်ကန်၊ ခိုင်မာဖို့လည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီး/ပြည်နယ်

အစိုးရအဖွဲ့တွေအနေနဲ့ ကိန်းဂဏန်း အချက်အလက်တွေ ခိုင်မာမှန်ကန်စေဖို့အတွက် စနစ်တကျ ကြီးကြပ်ကွပ်ကဲဖို့ အထူးမှာကြားလိုပါတယ်။
"ပြည်ထောင်စုဝန်ကြီးဌာနတွေအနေနဲ့လည်း မိမိတို့ဆောင်ရွက်မယ့် လုပ်ငန်း စီမံကိန်း (Project) တွေကို ဖြစ်နိုင်ခြေဆန်းစစ် လေ့လာမှု (Feasibility

Study-FS) တွေ ပြုလုပ်ပြီး၊ ဖြစ်နိုင်ခြေရှိတဲ့ လုပ်ငန်းစီမံကိန်း (Project) တွေကိုသာ ကာလတိုနဲ့ နှစ်စဉ် စီမံကိန်းတွေမှာ ထည့်သွင်းလျာထားရမှာ

ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘဏ္ဍာရေးနှစ်သစ် စတင်မယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းမှာ ထည့်သွင်းဆောင်ရွက် လိုတဲ့

လုပ်ငန်းစီမံကိန်းတွေကို ဖြစ်နိုင်ခြေဆန်းစစ်လေ့လာမှု (Feasibility Study-FS) တွေ ဆောင်ရွက် ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ပြည်သူတွေအတွက်

အမှန်လိုအပ်တဲ့ လုပ်ငန်းစီမံကိန်းတွေမှာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေကို ထိရောက်စွာ အသုံးပြု ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
"ဘဏ္ဍာရေးနှစ် ပြောင်းလဲရေးကာလ (၆) လတာ စီမံကိန်းရည်မှန်းချက်တွေဟာ ပြည်သူ့အတွက် လတ်တလော ဖြည့်ဆည်းပေးဖို့

အမှန်တကယ်လိုအပ်နေတဲ့ လုပ်ငန်းတွေနဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းအတွက် မလုပ်မဖြစ်

ကြိုတင်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကိုသာ ဦးစားပေး ချိန်ညှိ ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်”ဟု ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးမှာ နိုင်ငံတော်တိုးတက်မှုတွေ

ဘာတွေရှိခဲ့သလဲ။ ဘာတွေဆက်ပြီးတော့ လုပ်ဖို့လိုသလဲ ဆိုတာကို သုံးသပ်ရမှာဖြစ်ပါ တယ်။ ကျွန်မတို့နိုင်ငံအနေနဲ့ လွန်ခဲ့တဲ့တစ်နှစ်ကို

ကြည့်လိုက်မယ်ဆိုရင် အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိခဲ့ပါတယ်။ အားသာချက်တွေကတော့ နိုင်ငံရဲ့ဘဏ္ဍာငွေနဲ့ ကျခံ

ဆောင်ရွက်တဲ့ လုပ်ငန်းစီမံကိန်းတွေဟာ အရင်ထက်စာရင် ပိုပြီးတော့ တိုးတက်မှုရှိပါတယ်။ ပြည်သူတွေကို ပိုပြီး တော့ အကျိုးပြုစေပါတယ်။ ဒါပေမယ့်

လုံလောက်လားဆိုတော့ မလုံလောက်ပါဘူး။
"တကယ်တော့ အစိုးရတစ်ခုဟာ ကိုယ့်ရဲ့လုပ်ငန်းတွေကို ကျေနပ်တယ်လို့ ဘယ်တော့မှ မရှိသင့်ပါဘူး။ ကျေနပ်ပြီဆိုရင် လုံလောက်ပြီလို့ ဆုံးဖြတ်တဲ့

သဘောပါပဲ။ ကျွန်မတို့နိုင်ငံအတွက် လုပ်စရာတွေက အများကြီးလိုပါသေးတယ်။ အားသာချက်တွေအပေါ်မှာ ဆက်ပြီးတော့၊ ပိုပြီးတော့ အားသာအောင်

လုပ်ဖို့လိုပါတယ်။ တင်ဒါခေါ်တဲ့နေရာမှာဆိုရင် အရင်တုန်းကထက်စာရင် ပွင့်လင်းမြင်သာမှုရှိတယ်။ မှန်ကန်မှု ရှိတယ်ဆိုပြီး ပြည်သူတွေက

ဒါကိုလက်ခံပါတယ်။ သို့သော်ငြားလည်း တစ်ရာ ရာခိုင်နှုန်း ကျေနပ်လားဆိုတော့ တစ်ရာ ရာခိုင်နှုန်း မကျေနပ်ပါဘူး။ အခုအထိကို

တင်ဒါခေါ်တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ ပြည်သူတွေဝေဖန်စရာ ကိစ္စတွေရှိပါတယ်။ ဒါတွေကို ပြည်ထောင်စုအစိုးရဝန်ကြီးဌာနတွေသာမက

တိုင်းဒေသကြီးနဲ့ပြည်နယ် အစိုးရတွေက အထူးသတိထားဖို့လိုပါတယ်။
"အရင်တုန်းက အစည်းအဝေးတွေမှာ ပြောခဲ့ဖူးပါတယ်။ ဗဟိုနဲ့ တိုင်းဒေသကြီး/ ပြည်နယ်တွေရဲ့ ဆက်စပ်မှုဟာ အားရှိသင့်သလောက် မရှိဘူးဆိုတာ။

အခုလည်း အားရှိသင့်သလောက် မရှိသေးဘူးလို့ ပြောရမှာပါပဲ။ အရင်တုန်းကထက်စာရင်တော့ တိုးတက်လာပါတယ်။ ဒါပေမယ့်

မလုံလောက်သေးပါဘူး။ ဒီစီမံကိန်းတွေအောင်မြင်ဖို့ဆိုရင် ဗဟိုနဲ့တိုင်းဒေသကြီး/ပြည်နယ်တွေအကြားမှာ ချိတ်ဆက်မှုပိုပြီးတော့

ကောင်းမွန်ဖို့လိုပါတယ်။ ပူးပေါင်းဆောင်ရွက်မှုဟာ ပိုပြီးတော့အားသာဖို့လိုပါတယ်။ ဒီ့အပြင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေ အကြားမှာလည်း

ဆက်စပ်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ အင်မတန်မှ လိုအပ်ပါတယ်။
"မကြာခင်ကာလတုန်းက Video Conferencing နဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် တွေနဲ့ ဆွေးနွေးတဲ့အခါမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့်

ပြီးအောင်လုပ်ရမယ့်ကိစ္စ တွေကို ဗဟိုအစိုးရကို တင်ပြလာတွေလည်း သတိပြုမိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အကြား ညှိနှိုင်းပြီး

ပြီးအောင်လုပ်ရမယ့်ကိစ္စတွေကို ညှိနှိုင်းပြီးတော့ ပြီးအောင်လုပ်ဖို့ လိုပါတယ်။ အားသာချက်တစ်ခုကတော့ ဒီနှစ်အတွင်းမှာ လိုအပ်တဲ့ ဥပဒေ၊

နည်းဥပဒေတွေ ပြဋ္ဌာန်းပေးနိုင်ခဲ့ပါတယ်။ ဒါတွေ အားလုံး လုံလောက်ပြီလား ဆိုတော့လည်း မလုံလောက်သေးပါဘူး။ တကယ်တော့ ဥပဒေတွေ၊

နည်းဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေဆိုတာ အချိန်ကာလနဲ့ ကိုက်ညီစွာပြောင်းလဲနေရမှာပါ။ ဘယ်တော့မှ ပြီးတယ်ဆိုတာ မရှိနိုင်ပါဘူး။

ဥပဒေတွေချပြီးရင် ကမ္ဘာ့တစ်သက်ပဲ ဆိုတာ မဟုတ်နိုင်ပါဘူး။ ကျွန်မတို့ ကမ္ဘာကြီးနဲ့ ကျွန်မတို့နိုင်ငံရဲ့ ပြောင်းလဲနေတဲ့ လိုအပ်ချက်တွေအရ

အမြဲပဲဒါတွေကို လေ့လာပြီးတော့ ပြောင်းလဲသင့်သလို ပြောင်းလဲနေရမှာ ဖြစ်ပါတယ်။
"ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်တဲ့ငွေကြေး ရယူနိုင်မယ့် အစီအစဉ်တွေလည်း ကျွန်မတို့ ဖော်ဆောင်နိုင်ခဲ့ ပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုတွေဟာ

လုံလောက်ပြီလား ဆိုတော့လည်း မလုံလောက်သေးပါဘူး။ စောစောကပြောသလို မကျေနပ်သင့်ဘူး။ ကျေနပ်ပြီးတော့၊ လုံလောက်ပြီဆိုပြီးတော့

စိတ်မထားသင့်ဘူးလို့ ပြောတာမှအပ တကယ်တော့ ၆ ရာခိုင်နှုန်းကျော်၊ ၇ ရာခိုင်နှုန်းတိုးတက်မှုဆိုတာ တိုးတက်စနိုင်ငံ၊ ကျွန်မတို့နိုင်ငံ

တနည်းအားဖြင့် တိုးတက်စနိုင်ငံ၊ အချိန်ယူခါစနိုင်ငံအတွက် မလုံ လောက်ဘူးလို့ ပြောရမှာပါ။ တကယ်အရှိန်ဟုန်နဲ့တိုးတက်ပြီဆိုရင် ဒါထက်ပိုပြီးတော့

တိုးတက်တဲ့ရာခိုင်နှုန်းနဲ့ တိုးတက်နိုင်ရမှာပါ။ အဲ့ဒါအတွက်ကို ဦးတည်စေချင်ပါတယ်။ နောက်ဈေးကွက်ရရှိရေးအတွက် လိုအပ်တဲ့ပံ့ပိုးမှုတွေကိုလည်း

လုပ်ထုံးလုပ် နည်းအညီ ဆောင်ရွက်ပေးလျက်ရှိတာကို ကျွန်မတို့ကြိုဆိုပါတယ်။ သို့သော် ဒါလည်းမလုံ လောက်သေးပါဘူး။

ခြုံငုံပြီးအားလုံးပြောရမယ်ဆိုရင် ကျွန်မတို့ရဲ့အားသာချက်တွေဟာ အားရစရာရှိတယ် ဆိုပေမယ့် ကျေနပ်လောက်အောင်တော့ အားရလို့မဖြစ်ပါဘူး။

အဲဒီလိုဆိုရင် ကျွန်မတို့ရဲ့ ဝါယမစိုက်ထုတ်မှုဟာ နည်းသွားပါလိမ့် မယ်။
"ကျွန်မတို့အတွက် လုံလောက်တဲ့တိုးတက်မှုမရှိတာကတော့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာပါ။ အခြေခံပြဿနာတစ်ခုကတော့ လယ်ယာမြေပိုင်ဆိုင်မှု

ဖြစ်ပါတယ်။ လယ်ယာမြေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ မကြာခဏ ပြည်သူတွေဆီကနေ မကျေနပ်တဲ့ အသံတွေလည်း ကြားနေရသလို

လွှတ်တော်အသီးသီးကလည်း ဒီအသံတွေကြားနေရပါတယ်။ ပြည်ထောင်စုလွှတ်တော်တင်မကဘူး တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေ မှာပါ

လယ်ယာမြေကိစ္စတွေနဲ့ပတ်သက်လို့ ပြည်သူတွေရဲ့ မကျေနပ်မှုတွေ ထုတ်ဖော်ပြောတာကို မကြာခဏ ကြားရပါတယ်။ ကျွန်မတို့နိုင်ငံမှာ ၇၀

ရာခိုင်နှုန်းသော ပြည်သူတွေဟာ ကျေးလက်တောရွာဘက်မှာနေပြီးတော့ စိုက်ပျိုးရေးကို အားကိုးနေတဲ့ ပြည်သူများဖြစ်လို့ လယ်ယာမြေကဏ္ဍကို

ပြည့်စုံအောင်၊ အများ လက်ခံနိုင်အောင်၊ အများကျေနပ်လောက်အောင် မဖြေရှင်းနိုင်သရွေ့တော့ နိုင်ငံရဲ့တိုးတက်မှုဟာ လုံလောက်တယ်လို့

ဘယ်လိုမှပြောလို့ရမှာမဟုတ်ပါဘူး။
"နောက် ပြည်ပနဲ့ကုန်သွယ်မှုလိုငွေပါ။ ဒီဟာလည်း အားလုံးနဲ့ဆိုင်ပါတယ်။ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး တစ်ခုတည်းနဲ့ဆိုင်တာမဟုတ်ပါဘူး။

စီမံကိန်းနှင့် ဘဏ္ဍာရေး တစ်ခုတည်းနဲ့ဆိုင်တာ မဟုတ်ပါဘူး။ ပြည်ပနဲ့ကုန်သွယ်မှု လိုငွေမပြဖို့ဆိုရင် တစ်နိုင်ငံလုံးက ပါဝင်ရမယ်။ ကျွန်မတို့ဟာ

ဈေးကွက်စီးပွားရေးမှာ လှုပ်ရှားပြီးတော့ အောင်မြင်ဖို့ဆိုရင် ဆန်းသစ်တီထွင်နိုင်တဲ့ အရည်အချင်းတွေ ရှိရပါမယ်။ ကျွန်မ မကြာ ခဏ ပြောပါတယ်။

ဈေးကွက်ရှာရုံနဲ့ မလုံလောက်ဘူး၊ ဈေးကွက်ကို လုပ်ယူရမယ်။ တီထွင်ယူရမယ်။ ကိုယ့်နိုင်ငံမှာရှိတဲ့ ပစ္စည်းတွေအတွက် ဈေးကွက်ကို

ထူထောင်နိုင်ရမယ်။ ဒီလို ဆန်းစစ်ပြီးတော့ တီထွင်နိုင်တဲ့ စိတ်ဓာတ်တွေရှိမှ ကျွန်မတို့ ဟာတိုးနိုင်မှာ။ ကျွန်မတို့ဟာ အနောက်ကနေတက်လာတဲ့

နိုင်ငံဖြစ်လို့ အရှေ့ကိုရောက်ဖို့ဆိုတာ တစ်ခြားနိုင်ငံတွေထက် အဆပေါင်းများစွာ ပိုပြီးဝါယမစိုက်ထုတ်ရမယ်။ အဆပေါင်းများစွာ ဉာဏ်ပညာကို

အားကိုးရမယ်။ ကျွန်မတို့နိုင်ငံရဲ့ ပညာရေးစနစ်ကြောင့် ပြည်သူတွေမှာ အားနည်းချက်တွေ ရှိခဲ့တယ်ဆိုပေမယ့်လည်း ဒီအားနည်းချက်တွေကို

ဖြည့်ဆည်းနိုင်မယ့် နည်းတွေကိုရှာရမယ်။ တိုင်းဒေသကြီး/ပြည်နယ်တွေကလည်း ဝိုင်းပြီးတော့ ရှာရမှာဖြစ်ပါတယ်။
"စီမံကိန်းတွေဆိုရင် အများပြည်သူအတွက် ဘယ်လိုအကျိုးပြုလဲဆိုတာကို ပထမစဉ်းစားရမှာပါ။ ကိုယ့်ဌာနရဲ့လိုအပ်ချက်အတွက်လည်း မဟုတ်ဘူး။

ကိုယ့်ရဲ့တိုင်းဒေသကြီး/ပြည်နယ် အစိုးရရဲ့ လိုအပ်ချက်အတွက်လည်း မဟုတ်ဘူး။ အများပြည်သူနဲ့ နိုင်ငံတစ်နိုင်ငံလုံးအတွက်

ဘယ်လိုအကျိုးပြုနိုင်မလဲ ဆိုတာ ကြည့်ပြီးတော့ ဒီလိုစီမံကိန်းတွေကို ကျွန်မတို့ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဘဏ္ဍာ ရေးကော်မတီ အစည်း

အဝေးမှာတုန်းကဆိုရင် တိုင်းဒေသကြီး/ပြည်နယ် အတော်များများကနေပြီးတော့ ဝန်ထမ်းအိမ်ရာ လိုအပ်ချက်တွေကိုတင်ပြတာ ကျွန်မသတိပြုမိပါ

တယ်။
"ဝန်ထမ်းအိမ်ရာလိုအပ်ချက်တွေတင်ပြတယ်ဆိုတာ ဝန်ထမ်းတွေရဲ့ ဘဝကို ပိုပြီးတော့ အဆင်ပြေစေချင်လို့။ အဆင်ပြေစေချင်လို့ဆိုတာဟာ

ဝန်ထမ်းတွေဟာ နိုင်ငံရဲ့ အကျိုးအတွက် ပိုပြီးတော့ထိထိရောက်ရောက် လုပ်ဆောင်နိုင်စေချင်လို့ ကျွန်မဒီလိုပဲ နားလည်ပါတယ်။ သို့သော်ငြားလည်း

ကျွန်မတို့ လုပ်ပေးနိုင်တဲ့အတိုင်း အတာဟာ ကျွန်မတို့မှာရှိတဲ့ ဘဏ္ဍာငွေအင်အားနဲ့လည်း ကိုက်ညီအောင် ဆုံးဖြတ်ရပါတယ်။ တကယ်တော့

ပေးနိုင်ရင်တော့ လိုသမျှအားလုံး ကျွန်မတို့ဖြည့်ဆည်း ပေးချင်တာပေါ့။ ပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကလည်း ကိုယ့်ဘက်ကလည်း ဘယ်လို

ပိုပြီးတော့ ဝင်ငွေရှာမလဲဆိုတာလည်း ပိုပြီးတော့ စဉ်းစားစေချင်ပါတယ်။ ကိုယ့်လိုအပ်တဲ့ပံ့ပိုးမှုတွေ၊ အကောင်အထည်ဖော်ချင်တဲ့ စီမံကိန်းတွေ အတွက်

တိုင်းဒေသကြီး/ပြည်နယ်တွေကလည်း ပိုပြီးတာဝန်ယူတဲ့ စိတ်ဓာတ်နဲ့ငါတို့ ဒီလို စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့အတွက် ဘယ်လိုလုပ်မလဲ။

ဘယ်လို ပုံစံနဲ့ပိုပြီးတော့ ဝင်ငွေရှာမလဲ။ ဘယ်လိုပုံစံနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ဆက်သွယ်ပြီး တော့ လုပ်မလဲဆိုတာ စဉ်းစားစေချင်ပါတယ်။
"ကျွန်မတို့ နိုင်ငံဟာ Private Public Partnership။ ပုဂ္ဂလိကနဲ့ အစိုးရနဲ့ ညှိနှိုင်းပြီးတော့ ပူးပေါင်းပြီးတော့ လုပ်တဲ့စီမံကိန်းတွေကို

ဦးတည်ဖို့လိုပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ လက်ရှိ စီးပွားရေး၊ နိုင်ငံရေးအခြေအနေအရ ဆိုရင် ဒီလိုပူးပေါင်း ဆောင်ရွက်မှုတွေကို

အောင်မြင်အောင်လုပ်ဆောင်နိုင်ခြင်းအားဖြင့် ကျွန်မတို့ စီးပွားရေး တိုးတက်မှုနဲ့ နိုင်ငံရေး တည်ငြိမ်မှုအတွက်အများကြီး

အထောက်အကူပြုပေးနိုင်မှာပါ။ ကျွန်မတို့ စီးပွားရေးနှင့် နိုင်ငံရေးကို ခွဲလို့မရပါဘူး။ ဒါ့ကြောင့် ကျွန်မတို့ ဒီလိုစီမံကိန်းတွေ အကောင်

အထည်ဖော်တဲ့အခါမှာ စီးပွားရေးအကျိုးအမြတ်တစ်ခုတည်းကိုပဲ ကြည့်နေလို့မရပါဘူး။ ကြည့်လို့မဖြစ်ပါဘူး။ ကျွန်မတို့ နိုင်ငံရေး အတွက် ဘယ်လို

ပံ့ပိုးမှုဖြစ်နိုင်မယ် ဆိုတာကို ကြည့်ရပါမယ်။
"နိုင်ငံရေးနဲ့စီးပွားရေးနှစ်ခုကို ဒွန်တွဲပြီးကြည့်မှသာလျှင် ကျွန်မတို့ နိုင်ငံနဲ့သင့်တော်တဲ့ စီမံကိန်းတွေကို ကျွန်မတို့ ဆုံးဖြတ်နိုင်မှာပါ။ အဲဒါကြောင့်

ကျွန်မတို့ရဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရများကလည်း နိုင်ငံရေး၊ စီးပွားရေးအမြင်နှစ်ခုနဲ့ စီမံကိန်းတွေကို ချဉ်းကပ်ပါ။ အောင်မြင်အောင်လုပ်ပါလို့

ကျွန်မအနေနဲ့ ဆော်ဩချင်ပါတယ်။ နောက်တစ်ခုက ကျွန်မတို့ အခုနိုင်ငံရေး၊ စီးပွားရေးတိုးတက်မှု တွေရအောင် လုပ်တဲ့နေရာမှာ လွှတ်တော်များနဲ့

အစိုးရများအကြား ပူးပေါင်းဆောင်ရွက်မှုဟာ အင်မတန်မှ အရေးကြီး ပါတယ်။ ဒီပြည်ထောင်စုအဆင့်မှာတော့ ပြည်ထောင်စု လွှတ်တော်နဲ့

ပြည်ထောင်စုအစိုးရကြားမှာ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးသလို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း တိုင်းဒေသကြီး/

ပြည်နယ်လွှတ်တော်တွေနဲ့ အစိုးရတွေကြားမှာ ပူးပေါင်းဆောင်ရွက်မှုဟာ အင်မတန်မှ အရေးကြီးပါတယ်။
"တစ်ချို့တွေက လွှတ်တော်ရဲ့ကဏ္ဍနဲ့ အစိုးရရဲ့ကဏ္ဍကို မြင်တဲ့ဟာမှာ အမြင်နည်းနည်းစောင်းနေတယ်လို့ ကျွန်မတို့ မြင်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက်ပြိုင်ဘက်လို တစ်ချို့ကမြင်ပါတယ်။ ဒီလိုတစ်ယောက်နဲ့ တစ်ယောက် ထိန်းသွားတယ်ဆိုတာဟာ အကောင်းအတွက်ပါ။

တစ်ဘက်ကတစ်ဘက်ကိုမမှားအောင် ထိန်းသွားတဲ့ သဘောပါ။ ထိန်းကွပ်သွားတဲ့သဘောပါ။ ပြိုင်ဘက်အနေနဲ့ ထိန်းကွပ်သွားတာမဟုတ်ပါဘူး။

အစိုးရကနေပြီးတော့လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ချုပ်ချယ်ချင်လို့။ လွှတ်တော်က အစိုးရရဲ့လုပ်ပိုင်ခွင့်ကို ချုပ်ချယ်ချင်လို့ဆိုတဲ့ စိတ်ဓာတ်နဲ့

ထိန်းကွပ်သွားရမှာ မဟုတ်ပါဘူး။ တစ်ဘက်နဲ့တစ်ဘက် ဘယ်လို ကူညီပြီးတော နိုင့်ငံအကျိုးကို ထမ်း ဆောင်နိုင်မလဲဆို တာကို ကြည့်ပြီးတော့

လုပ်သွားရမှာဖြစ်ပါတယ်။
"ဒီစီမံကိန်းတွေနဲ့ပတ်သက်ရင် အားလုံးသိပြီးသားပါ။ ဒါဟာလွှတ်တော်နဲ့လည်းဆိုင်တယ်။ အစိုးရအဖွဲ့နဲ့ လည်းဆိုင်တယ်။ အစိုးရဘက်က

ကိုယ်လိုချင်တဲ့ စီမံကိန်းကို ကိုယ်လုပ်ချင်သလိုလုပ်လို့လည်း အမြဲရတာမဟုတ်ဘူး။ လွှတ်တော်နဲ့ညှိနှိုင်းပြီးတော့ လွှတ်တော်ရဲ့

သဘောထားယူပြီးတော့လုပ်ရတာ တွေလည်းအများကြီး ရှိပါတယ်။ ဒါကြောင့် ဆက်ဆံရေးကောင်းဖို့ဆိုတာ အားလုံးမှာ တာဝန်ရှိပါတယ်။

လွှတ်တော်ဘက်မှာ တာဝန်ရှိသလို အစိုးရဘက်မှာလည်း တာဝန်ရှိပါတယ်။
"ကျွန်မတို့နိုင်ငံရဲ့ စီမံကိန်းတွေရဲ့ အခြေအနေကို သမ္မတကြီးက ပြောကြားပြီးသွားပါပြီ။ နောက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့

အခြေအနေကို အားလုံးသိရှိပြီး ဖြစ်ပါတယ်။ အားလုံးကို ချုံငုံပြီး ပြောရမယ်ဆိုရင် ကျွန်မတို့ တိုးတက်မှု မရှိဘူးလားဆိုတော့ တိုးတက်မှု ရှိပါတယ်။

အရင်နှစ်ကထက်စာရင် တိုးတက်ပါတယ်။ တိုးတက်မှုက အမှန်ပြောရရင် တချို့ထင်တာထက်များပါတယ်။ ကျွန်မတို့ သေသေချာချာ

လေ့လာတဲ့အခါကျတော့ ကျွန်မတို့ရဲ့ စီးပွားရေးတိုးတက်မှုက ထင်တာထက် မြန်တယ်။ နိုင်ငံရေးတိုးတက်မှုကလဲ ထင်တာထက် မြန်ဆန်ပါတယ်ဆိုပြီး

နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေက ကျွန်မတို့ကို ပြောထားတာရှိပါတယ်။
"ဒါပေမယ့် ဒါနဲ့ ကျွန်မတို့ ကျေနပ်နေလို့ မဖြစ်ပါဘူး။ ကျွန်မတို့ နိုင်ငံအတွက် စိန်ခေါ်မှုတွေက အင်မတန်မှများပါတယ်။ အခက်အခဲတွေက အများကြီး

ကျော်ဖြတ်စရာ ရှိပါတယ်။ ဒါကြောင့် ဆထက်ထမ်းပိုး တိုးပြီးတော့ ကြိုးစားမှ ကျွန်မတို့ နိုင်ငံအတွက် တိုးတက်မှုရနိုင်မှာပါ။ ပန်းတိုင်လို့ ကျွန်မ

မပြောလိုပါဘူး။ နိုင်ငံတစ်နိုင်ရဲ့ ပန်းတိုင်ဆိုတာက ဘယ်တော့မှ ရောက်တယ် မရှိပါဘူး။ ကမ္ဘာကြီးတည်သရွေ့ ကျွန်မတို့ဟာ ရှေ့ကိုဆက်သွားနေရမယ်။

ပန်းတိုင်ကိုရောက်ပါပြီဆိုပြီး ကျွန်မတို့ ထိုင်နေရမယ့် အချိန်ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး။ သို့သော်လည်း ရေတို ပန်းတိုင်တွေတော့ ကျွန်မတို့

သတ်မှတ်လို့ရပါတယ်။ ဒီတစ်နှစ်အတွင်း ကျွန်မတို့ ဘယ်လောက်ထိဖြစ် အောင်လုပ်မယ်။ ၆ လအတွင်း ဘယ်လောက်ထိ ဖြစ်အောင်လုပ်မယ်။

တစ်နှစ်အတွင်း၊ ၆ လအတွင်း ဖြစ်မြောက်ရေးအတွက် ဆိုတာ တစ်ရက်ချင်း၊ တစ်ရက်ချင်း လုပ်သွားရမယ့် ကိစ္စတွေဖြစ်ပါတယ်။
"တစ်ရက်ချင်း၊ တစ်ရက်ချင်း လုပ်သွားရမယ့် ကိစ္စဆိုရင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တွေက အရေးကြီးပါတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကို ပီပီပြင်ပြင်

ကိုင်နိုင်မှသာလျှင် ကျွန်မတို့ရဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ လုံလောက်မှာဖြစ်ပါ တယ်။ ပြည်ထောင်စုအစိုးရအဖွဲ့

ဝန်ကြီးဌာနတွေရော၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေရော အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ ပီပီပြင်ပြင် ထိထိရောက်ရောက် လုပ်နိုင်ဖို့ဟာ

အင်မတန်မှအရေးကြီးပါတယ်။ ဒီလို ပီပီပြင်ပြင် ထိထိရောက်ရောက် မလုပ်နိုင်ဘဲနဲ့တော့ ကျွန်မတို့ စီးပွားရေးဘက်ကော၊ နိုင်ငံရေးဘက်ကကော

လိုအပ်တဲ့ တိုးတက်မှု တွေ ကျွန်မတို့ ရနိုင်မှာ မဟုတ်ပါဘူး။
"စောစောက ကျွန်မပြောသွားသလိုဘဲ၊ တစ်ယောက်နဲ့ တစ်ယောက်လဲ ပူးပေါင်းဆောင်ရွက်ဖို့ကို အလေးထားရမယ်။ တစ်ယောက်နဲ့တစ်ယောက်

ပြိုင်နေတာ မဟုတ်ပါဘူး။ အားလုံးစုပေါင်းပြီး နိုင်ငံ အကျိုးအတွက် လုပ်နေတာဖြစ်ပါတယ်။ အဲဒီလိုစိတ်နဲ့ ဆက်ပြီးကြိုးစားစေချင်ပါတယ်။

သမ္မတကြီး မှာကြားတဲ့အတိုင်း ကျွန်မတို့ရဲ့ နိုင်ငံအတွက် လိုအပ်တဲ့ တိုးတက်မှုတွေရအောင်လို့ ဝိုင်းဝန်းပြီးကူညီကြပါ၊ နောင်အနာဂတ်မှာ

ဖြစ်ပေါ်လာမယ့်၊ တာဝန်တွေနဲ့ လုပ်ပိုင်ခွင့်တွေ အတွက်လည်းထည့်ပြီး စဉ်စားရပါမယ်။ အဲဒါက ဘာလဲဆိုတော့ တချို့တွေက

ရာသီဥတုပြောင်းလဲမှုကိစ္စနဲ့ ပတ်သက်ပြီး ရာသီဥတုပြောင်းလဲမှု ရှိတယ်ဆိုတာ သိရဲ့သားနဲ့ ရာသီဥတုပြောင်းလဲမှုအတွက် ပြင်ဆင်မှုတွေ

နည်းနေတယ်လို့ ကျွန်မ မြင်တယ်။ ရာသီဥတု ပြောင်းလဲသွားတယ်၊ တချို့ဆိုရင် မုန်တိုင်းတွေဖြစ်တာကို မထင်မမှတ်တဲ့ သဘာ၀ဘေး

အန္တရာယ်ကျရောက်တယ်လို့ ပြောကြပါတယ်။ အခုက မထင်မမှတ်စရာအကြောင်း မရှိတော့ပါဘူး။ ဒီမုန်တိုင်းတွေက ပုံမှန်လာတော့မယ်ဆိုတာ

ရာသီဥတု အပြောင်းအလဲနဲ့ ဆက်စပ်နေပါတယ်။ ဒါကိုလည်း ပညာရှင်တွေက ပြောထားပြီးပါပြီ။ နောင်ရာသီဥတု အပြောင်းအလဲကြောင့် ဒီနိုင်ငံမှာ

အရင်လို မဟုတ်တော့ဘူးဆိုတာ ပြောထားပြီးပါပြီ။ နောင်ဖြစ်မယ့်ဟာတွေကို တွက်ထားပြီးတော့ အခုကတည်းကနေပြီး ပြင်ဆင်ပြီး

လုပ်ရမှာဖြစ်ပါတယ်။ ဒါစီမံကိန်းတွေကို စီစဉ်တဲ့အခါမှာလည်း ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကို ထည့်တွက်ဖို့ လိုပါတယ်။

ဒါအနာဂတ်အတွက် တွက်တယ်ဆိုတာ ဒါတွေကို ပြောတာ ဖြစ်ပါတယ်။
"အနာဂတ်အတွက် လိုအပ်ချက်တစ်ခုက ကျွန်မတို့ ဦးတည်နေတာ ဘယ်ကိုဦးတည်နေတာလဲ။ အားလုံးသိတဲ့အတိုင်း ကျွန်မတို့ဟာ

ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်နေတာပါ။ ကျွန်မတို့ လုပ်တဲ့၊ အကောင်အထည်ဖော်တဲ့ စီမံကိန်းအားလုံးဟာ ဒီမိုကရေစီ

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် အကျိုးပြုရဲ့လားဆိုတာကို ထည့်တွက်စဉ်းစားပြီးမှ အကောင်အထည်ဖော်စေချင်ပါတယ်။ ဒါကြောင့်

ကျွန်မစောစောက ပြောသလို တိုင်းဒေသကြီးပြည်နယ်နဲ့ ဗဟိုအစိုးရအကြား ဆက်ဆံရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီမိုကရေစီဖက်ဒရယ်

ပြည်ထောင်စု တစ်ခုဖြစ်သွားပြီဆိုရင် ပိုပြီးတော့ အရေးကြီးလာပါပြီ၊ အဲဒီဟာအတွက် အခုကျွန်မတို့ကစပြီး အုတ်မြစ်ချရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့

ဆက်ဆံရေးနဲ့ အုပ်ချုပ်ရေး ကိုင်တွယ်နည်းတွေဟာ အနာဂတ်အတွက် အရေးပါတဲ့ကိစ္စတွေပါ။
"နိဂုံးချုပ်အနေနဲ့ ကျွန်မတို့နိုင်ငံရဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအားလုံးကို ပြည်သူလူထုရဲ့ ညီညွတ်မှု၊ ထောက်ခံမှုနဲ့ ကျော်လွှားနိုင်မယ်ဆိုတာ

ယုံမှားသံသယ ဖြစ်စရာ မလိုပါဘူး။ သို့သော်ငြားလည်း ပြည်သူလူထုရဲ့ ညီညွတ်တဲ့ထောက်ခံမှု ရဖို့ဆိုတာ ကျွန်မတို့ အစိုးရက တာဝန်ကျေဖို့

လိုပါတယ်။ ပြည်သူနဲ့ ပတ်သက်ပြီး တာဝန်ကျေမှ ပြည်သူတွေရဲ့ ဓမ္မဓိဋ္ဌာန်ကျတဲ့ ရည်မှန်းချက်တွေကို ကျွန်မတို့ ဖြည့်ဆည်း ပေးနိုင်မှလည်း သူတို့က

ကျွန်မတို့ကို ထောက်ခံမှာပါ။ အားလုံးကို ကျွန်မ မလုပ်ပေးနိုင်ပါဘူး၊ လူတိုင်း လူတိုင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်

ပြည်သူလူထုရဲ့ လိုအပ်ချက်တွေဟာ အမှန်တကယ် ဖြစ်သင့်ဖြစ်ထိုက်တဲ့၊ လုပ်ပေးသင့်ထိုက်တဲ့ ကိစ္စတွေဆိုရင် ကျွန်မတို့ဟာ လုပ်ပေးဖို့

တာဝန်ရှိပါတယ်။ ဒီလိုမလုပ်ပေးနိုင်ဘဲနဲ့ ပြည်သူရဲ့ ထောက်ခံမှုနဲ့ ပြည်သူရဲ့ ညီညွတ်တဲ့ ပံ့ပိုးမှုကို မျှော်လင့်စရာ အကြောင်းမရှိပါဘူး။ ကိုယ့် တာဝန်

မကျေဘဲနဲ့ ပြည်သူကလဲ တာဝန်ကျေမယ်ဆိုပြီး ကျွန်မတို့ ပြောလို့မရပါဘူး။ ဒီလို ပြောခြင်းအားဖြင့် ကျွန်မတို့ အစိုးရက တာဝန်မကျေဘူးလို့ ပြောတာ

မဟုတ်ပါဘူး။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေကိုလည်း တာဝန်မကျေဘူးလို့ ပြောတာမဟုတ်ပါဘူး။ တာဝန်ပိုသထက် ပိုပြီးတော့

ပိုကျေအောင်လို့ တစ်နေ့ထက်တစ်နေ့ ဆက်ပြီး ကြိုးစားသွားကြပါ။ ကိုယ့်ကို ကျေနပ်ပြီး မနေကြပါနဲ့၊ ဘယ်တော့မှ မကျေနပ်နိုင်ဘူး၊

အစိုးရအလုပ်ဆိုတာ ဘယ်တော့မှ ကျေနပ်နိုင်စရာ မရှိဘူးဆိုတဲ့ စိတ်ထားနဲ့ တိုးတက်မှုကို ဦးတည်ကြပါ”ဟု ပြောကြားသည်။
ထို့နောက် အမျိုးသားစီမံကိန်းကော်မရှင် အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်ဝင်းက ၂၀၁၈ ခုနှစ် ဧပြီလမှ

စက်တင်ဘာလအထိ ၆ လ အမျိုးသား စီမံကိန်း(အဆိုပြုမူကြမ်း) ရေးဆွဲဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတက "ဒီနေ့အစည်းအဝေးမှာ ညှိနှိုင်းဆွေးနွေး အတည်ပြုခဲ့တဲ့ အမျိုးသားစီမံကိန်း ဥပဒေကြမ်းဟာ

၂၀၁၈ ခုနှစ်၊ ဧပြီလကနေ စက်တင်ဘာလအထိ (၆)လတာကာလအတွက်သာ ဖြစ်ပေမယ့် ယခင်နှစ်စဉ် အမျိုးသား စီမံကိန်းဥပဒေကြမ်းများကဲ့သို့ပင်

ရေးဆွဲခြင်း၊ အတည်ပြုချက်ရယူခြင်း၊ အကောင်အထည်ဖော်ခြင်းတွေကို သတ်မှတ်ပြဋ္ဌာန်းထားတဲ့ နည်းလမ်းတွေ အတိုင်းဆောင်ရွက်သွား

ရမှာဖြစ်ပါတယ်။ အဲဒီ(၆)လ စီမံကိန်းကို ရေးဆွဲရာမှာ ပြည်သူ တွေရဲ့ လတ်တလောလိုအပ်ချက်တွေနဲ့ တိုင်းပြည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်

လိုအပ်ချက်တွေကို နိုင်ငံတော်က ခွင့်ပြုပေးနိုင်တဲ့ ဘတ်ဂျက ဘောင်အတွင်းက ပေါင်းစပ်ရေးဆွဲတာ ဖြစ်ပေမယ့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊

တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး၊ လူသား အရင်းအမြစ်ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေး

လုပ်ငန်းတွေကိုလည်း အလေးထားပြီး ပေါင်းစပ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေး

မူဝါဒတွေနဲ့လည်း အချိတ်အဆက်မိမိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် အစီအစဉ်တွေ ကိုလည်း ချမှတ်ရေးဆွဲဖို့လိုအပ်ပါတယ်။
"ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေအနေနဲ့ စီမံကိန်းတွေ ရေးဆွဲအကောင်အထည် ဖော်တဲ့အခါ

နယ်ပယ်ဧရိယာတစ်ခုတည်းမှာ စီမံကိန်း လုပ်ငန်းတွေ ထပ်မနေအောင်လည်း သတိပြုဖို့ လိုအပ်ပါတယ်။ စီမံကိန်းတွေ

ရေးဆွဲအကောင်အထည်ဖော်ကြတဲ့အခါမှာ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီး/ ပြည်နယ်တွေအကြား အချင်းချင်းအချိတ်အဆက်မိမိ

ဆက်သွယ်လုပ်ဆောင်ဖို့လည်း မှာကြား လိုပါတယ်။ "စီမံကိန်းအကောင်အထည်ဖော်မှု အခြေအနေတွေကို စီမံကိန်းကာလ တစ်လျှောက်လုံး

မျက်ခြည်မပြတ် တစိုက်မတ်မတ် ကြီးကြပ်သုံးသပ် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါမှသာ ရေရှည် တည်တံ့ခိုင်မြဲတဲ့ စီးပွားရေးပုံသဏ္ဍာန်

ပြောင်းလဲမှုနဲ့ အချိုးကျမျှတတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ် ရောက်ရှိမှာဖြစ်ပါတယ်။
"၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအထိ (၆) လတာကာလ အမျိုးသားစီမံကိန်းကို ရေးဆွဲ အကောင်အထည်ဖော်တဲ့အခါမှာ ယခင်ရေးဆွဲ

အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ အမျိုးသား စီမံကိန်းတွေကနေ ရရှိခဲ့တဲ့ အားသာချက်တွေကို ဆက်လက်ထိန်းသိမ်းရမှာဖြစ်သလို

တွေ့ကြုံဖြစ်ပေါ်ခဲ့တဲ့ အားနည်းချက်တွေကို စိစစ်သုံးသပ်ပြီး ပြုပြင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အလားတူ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊

အမျိုးသားစီမံကိန်းအတွက် ဦးစားပေးအစီအစဉ်တွေ၊ လုပ်ငန်းရပ်တွေ၊ လုပ်နည်း စနစ်တွေကို ဖော်ထုတ်ချမှတ်နိုင်ဖို့အတွက်လည်း

ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားဖို့ လိုအပ်ပါတယ်”ဟု မှာကြားသည်။