စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ နေပြည်တော်ကောင်စီဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ၏ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၈) ကျင်းပပြုလုပ်

, ,

နေပြည်တော် ဇန်နဝါရီ ၈

၂၀၁၈ ခုနှစ်၏ ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ရာ တိုင်းဒေသကြီး/ ပြည်နယ် များမှ ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်ပြီး လုပ်ငန်းများမှ အားသာချက်၊ အားနည်းချက်များကို ပြန်လည် သုံးသပ်၍ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်- SDGs (၁၇) ချက်တို့အပေါ် အခြေခံကာ လယ်ယာကဏ္ဍနှင့် SMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဧပြီလ ၁ ရက်နေ့တွင် ဘဏ္ဍာရေးနှစ် စတင်မည့် ၆ လတာကာလတွင် လုပ်ငန်းသစ်များ ဆောင်ရွက်ခြင်းမပြုဘဲ ဆောင်ရွက်ဆဲ လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေးနှင့် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းအသစ်များ ရှိလျင်လည်း ဆွေးနွေး ပြောကြား ရန် ဖြစ်ကြောင်းဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပြုလုပ်သည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ နေပြည်တော်ကောင်စီဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၏ (၁/၂၀၁၈) ကြိမ်မြောက် လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

          ဆက်လက်၍ စီမံကိန်းများရေးဆွဲရာတွင် ၆ လတာ ကြားကာလနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နှင့် ပေါင်းစပ်၍ ၁၈ လတာကာလအတွက်  စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ ပုဂ္ဂလိကကဏ္ဍအား ကောင်း ကျယ်ပြန့်လာအောင် ဆက်စပ်ညှိနှိုင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ SMEs များကိုမြေတောင် မြှောက်ပေးသော်လည်း အားနည်းချက်များစွာ ကျန်ရှိနေသေးကြောင်း၊ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများရှိသကဲ့သို့ မြို့နယ်အဆင့် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ အပြန်ပြန်အလှန်လှန် ဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။

          ထို့နောက် ဒုတိယဝန်ကြီး ဦးဆက်အောင်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လုပ်ငန်းများ ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ စီမံကိန်းများတင်ပြ ဆောင်ရွက်မှုနှင့် ဘတ်ဂျက်တောင်းခံမှု မကိုက်ညီ သည့် ဌာနများရှိနေကြောင်း၊ ဆောင်ရွက်မည့် စီမံကိန်းများတွင် ကောင်မွန်သည့် စီမံကိန်းများ ရှိသကဲ့ သို့ နိုင်ငံတော်၏ မူဝါဒနှင့် ကိုက်ညီရန်လိုသည့် စီမံကိန်းများလည်းရှိနေကြောင်းနှင့် ကဏ္ဍစီမံကိန်း၊ ဒေသစီမံကိန်းများ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးများက SMEs များအား ချေးငွေ ထုတ်ချေးရေးကိစ္စ၊ တောရိုင်း တိရစ္ဆာန်များအား တရားမဝင် ရောင်းဝယ်နေမှု၊ တရားမဝင်ကုန်စည်များကိစ္စနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့သည်။

          ညှိနှိုင်း အစည်းအဝေးသို့ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီး ဌာန၊  ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနတို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။