ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းသည် ရှမ်းပြည်နယ်သို့ သွားရောက်၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် SMEs ချေးငွေဆိုင်ရာကိစ္စရပ်များအား မြှင့်တင်ဆောင်ရွက်

,

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းသည်  ယနေ့နံနက်(၉)နာရီတွင် ရှမ်းပြည်နယ်အစိုးရုံး၊ အစည်းအဝေးခန်းမတွင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းနှင့် ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာလင်းထွဋ်တို့မှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဆွေးနွေး တင်ပြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးပြောကြားရာတွင် ၂၀၁၈-၂၀၁၉ စီမံကိန်းရည်မှန်းချက်များရေးဆွဲရာတွင် ပြည်နယ်အစိုးရမှ ကိန်းဂဏန်းများကို တိကျမှန်ကန်စွာရေးဆွဲရန်လိုကြောင်း၊ ပြည်နယ်ဝန်ကြီးများမှ တင်ပြသောကိန်းဂဏန်းများအား ပြည်နယ်အစိုးရအနေဖြင့် သေချာစွာစိစစ်၍ ဗဟိုသို့ တင်ပြရန်လိုပါကြောင်း၊ သို့မှသာ ပြည်သူလူထုလိုလားသော စီမံကိန်းများဖြစ်ပေါ် လာမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး/မွေးမြူရေး/ လမ်းပန်းဆက်သွယ်ရေးနှင့် သက်ဆိုင် သည့် စီမံကိန်းများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးပြောကြားခဲ့သည်။

SMEs လုပ်ငန်းများနှင့် ပတ်သက်၍ SMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ခြင်းသည် ပြည်နယ်ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်၍ SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ ငွေကြေးနှင့် နည်းပညာ တို့ကို ပြည်နယ်အစိုးရမှ စီးပွားရေးလုပ်ငန်းရှင်များအား ပံ့ပိုးပေးစေလိုကြောင်း၊ ဦးစားပေးပေါ်လစီများကိုချမှတ်၍ မြို့နယ်အလိုက်ရှိသည့် SMEs လုပ်ငန်းများကို မြန်မာ့စီးပွားရေးဘဏ်များနှင့် ချိတ်ဆက်ပြီး လိုအပ်သည့်မြေနှင့် ချေးငွေများကို ရရှိအောင် ဆောင်ရွက်ပေးနှင့် ကဏ္ဍအလိုက်ရှိသည့် SMEs လုပ်ငန်းများကို မြေတောင်မြှောက်ပေးစေလိုကြောင်းတို့ကို ပြောကြားခဲ့သည်။

          အဆိုပါတွေ့ဆုံပွဲသို့ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အကောက်အခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဗဟိုးစာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

          နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့၊ အေးသာယာ စက်မှုဇုန်၌ လုပ်ငန်းရှင်များနှင့်လည်းကောင်း၊ ရှမ်းရိုးမမွေးမြူရေးဇုန်၌ မွေးမြူရေး လုပ်ငန်းရှင်များနှင့်လည်းကောင်း တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး စက်မှု လုပ်ငန်းရှင်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များမှ SMEs လုပ်ငန်းများ၊  ချေးငွေ ဆိုင်ရာကိစ္စရပ်များ၊ တိရိစ္ဆာန်များမွေးမြူထားရှိမှု အခြေအနေနှင့် ထုတ်လုပ်ရောင်းချမှု အခြေအနေတို့ကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

တောင်ကြီး ၊ ဖေဖော်ဝါရီ ၂၄

(သတင်းစဉ်)