လူမှုညွှန်ကိန်းများဆိုင်ရာ စစ်တမ်းများ ပေါင်းစပ်ဆောင်ရွက်ရန်အတွက် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

,

      ၂၀၁၉ ခုနှစ်၊ မတ်လ ၁၄ ရက် (ကြာသပတေးနေ့)

     ဗဟိုစာရင်းအင်းအဖွဲ့နှင့် UNICEF တို့ပူးပေါင်း၍ လူမှုညွှန်ကိန်းဆိုင်ရာစစ်တမ်းများ ပေါင်းစပ် ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၄ ရက် (ကြာသပတေးနေ့)၊ နေ့လည် ၂:၀၀ နာရီ အချိန်တွင် ရုံးအမှတ် (၃၂)၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။အစည်းအဝေးသို့ သက်ဆိုင်ရာဦးစီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ပါသည်။

           ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့် မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအချိန်အခါသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်းများ ပြုလုပ်နိုင်မည့် အမျိုးသားညွှန်ကိန်းမူဘောင်အတွက် လိုအပ်သောညွှန်ကိန်းများရရှိစေရန် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဗဟိုစာရင်းအင်း အဖွဲ့သည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို တိုင်းတာနိုင်ရန်အတွက် အမျိုးသားညွှန်ကိန်းမူဘောင်ကို တာဝန်ယူဆောင်ရွက်နေပါကြောင်း၊ စာရင်း အင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာ (NSDS) ပြီးစီးရန်အတွက်လည်း ကမ္ဘာ့ဘဏ်၏ အထောက်အပံ့ဖြင့် ဆောင်ရွက်နေပါကြောင်း၊ UNFPA နှင့်လည်း လူမှုရေးဆိုင်ရာညွှန်ကိန်းများအတွက် ကိန်းဂဏန်းအချက်အလက်များ ညီညွတ်မှုရှိစေရေးလုပ်ငန်းစဉ်များ ပြုလုပ်ရန်အတွက် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင်လည်း ကလေးသူငယ် ဆိုင်ရာဦးစားပေးညွှန်ကိန်းများအတွက် လူမှုဝန်ထမ်းဦးစီးဌာန၊ UNICEF တို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရာက်လာသူများမှ သိရှိလိုသည်များ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ ၄ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။