မြန်မာနိုင်ငံ တစ်ပိုင်တစ်နိုင်၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းစစ်တမ်းနှင့် စပ်လျဉ်းသည့် နည်းပညာဆိုင်ရာဆွေးနွေးပွဲ ကျင်းပ

CSO News

နေပြည်တော်၊ မေ ၃၀

မြန်မာနိုင်ငံ တစ်ပိုင်တစ်နိုင်၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း စစ်တမ်းနှင့် စပ်လျဉ်းသည့် နည်းပညာဆိုင်ရာဆွေးနွေးပွဲကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂)ဗဟိုစာရင်းအင်းအဖွဲ့ အစည်းအဝေးခန်းမ၌ ယနေ့ နေ့လည်(၁:၃၀)နာရီက ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများအား စောင့်ကြည့်လေ့လာသည့်စနစ်( Myanmar Enterprise Monitoring System) တည် ထောင်ရာတွင် အထောက်အပံ့ဖြစ်စေရေးအတွက် မြန်မာနိုင်ငံ တစ်ပိုင်တစ်နိုင်၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း အရေအတွက် စစ်တမ်း ၂ ခုကို ၂၀၁၇ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် တို့တွင်လည်းကောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အရည်အသွေး စစ်တမ်း ၂ ခုကို ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့တွင် လည်းကောင်း ဒိန်းမတ်နိုင်ငံအစိုးရ၏ အကူအညီဖြင့် အသီးသီးကောက်ယူမည်ဖြစ်ပါကြောင်း၊ အဆိုပါစစ်တမ်းတို့မှ ရရှိလာမည့် အချက်အလက်များပေါ်တွင် မူတည်၍ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် ထိရောက်သည့် မူဝါဒများ ချမှတ်နိုင်ရေးအတွက် နက်နဲသည့် စီးပွားရေးဆိုင်ရာ စိစစ်လေ့လာသုံးသပ်မှု ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပထမဦးစွာ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ တစ်ပိုင်တစ်နိုင်၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း အရေအတွက် စစ်တမ်း(၂၀၁၇)ကို ကောက်ယူ မည်ဖြစ်သဖြင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာမှ အဆင့်မြင့်အရာရှိကြီးများ၊ ပညာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် သင့်လျော်ကောင်းမွန်သည့် အကြံပြုချက်များကို ဆွေးနွေး ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း၊ သို့မှသာ ဗဟိုစာရင်းအင်းအဖွဲ့သည် ပညာရှင်များ၏ အကြံပြုချက်များကိုရယူပြီး မြန်မာနိုင်ငံ တစ်ပိုင်တစ်နိုင်၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းစစ်တမ်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသွားပါသည်။

ထို့နောက် ကုလသမဂ္ဂ UNU-WIDER မှ ပညာရှင် Mr.Evert de Wittee က SMEs စစ်တမ်းလုပ်ငန်း၊ မေးခွန်းပုံစံ၊ သုံးစွဲသည့် အခြေခံစာရင်းအင်း အချက်အလက်များနှင့် နည်းပညာရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ အရာရှိကြီးများ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် လုပ်ငန်းအဖွဲ့များမှ အဖွဲ့ခေါင်းဆောင်များမှ ပြန်လည်ဆွေးနွေးခြင်းနှင့် မေးခွန်းများမေးမြန်းခြင်းများကို ပြန်လည်ဖြေကြားကာ အစည်းအဝေးကို မွန်းလွဲ (၃:၃၀)နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ လုပ်ငန်းအဖွဲ့များ၊ မိတ်ဖက်အဖွဲ့စည်းများနှင့် စစ်တမ်း ကောက်ယူမည့် သင်တန်းသားများ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ပါသည်။