အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး (၁/၂၀၂၃) ကျင်းပ

နေပြည်တော် ၊ မတ် ၃၀ 

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စက်မှုဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်၏စီးပွားရေးဦးတည်ချက် (၄) ရပ်အနက် တတိယဦးတည်ချက်ဖြစ်သော "သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး" ဟူသော ဦးတည်ချက်နှင့်အညီ နိုင်ငံတော်မှ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီရန်၊ တိုင်းပြည်၏စီးပွားရေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များအစားထိုးနိုင်ရန်နှင့် ပြည်ပသို့ ပြည်တွင်းထုတ်ကုန်များ တင်ပို့နိုင်ရန်အတွက် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများသို့ အတိုးနှုန်းသက်သာမှုရှိသော ချေးငွေများ ထုတ်ချေးပေးရန် စီစဉ်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်တွင် ကျင်းပခဲ့သော (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ ရန်ပုံငွေရရှိသုံးစွဲရေးနှင့် ပေါင်းစည်းညှိနှိုင်းရေးအဖွဲ့၊ ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့နှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းအဖွဲ့ တို့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်တွင် “အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ” အမည်ဖြင့် ကနဦးမတည်ငွေအဖြစ် နိုင်ငံတော်မှ ထောက်ပံ့ငွေ ကျပ် ၁၇၀ ဘီလီယံကို ထည့်သွင်းခဲ့ပြီးဖြစ်ကြောင်း၊ ရန်ပုံငွေသုံးစွဲရာတွင် လိုက်နာရမည့် ဘဏ္ဍာရေးစည်းမျဉ်းအတည်ပြုထုတ်ပြန်နိုင်ရေး၊ ထုတ်ချေးမည့်ချေးငွေများအတွက် လုပ်ထုံးလုပ်နည်းအား အတည်ပြုထုတ်ပြန်နိုင်ရေး၊ ရန်ပုံငွေမှ ချေးငွေသက်သက်ကိုသာ ထုတ်ချေးခြင်းမဟုတ်ဘဲ စွမ်းဆောင်ရည်ကောင်းမွန်သည့် MSME များအား ဆုချီးမြှင့်ခြင်း၊ MSME ထုတ်ကုန်ပြပွဲ/ပြိုင်ပွဲများနှင့် အသိပညာပေးစကားဝိုင်းများကျင်းပခြင်းတို့အတွက်လည်း သင့်လျော်သလိုသုံးစွဲနိုင်ရန် လုပ်ထုံးလုပ်နည်းသီးခြားရေးဆွဲ ထားရှိရေးတို့အတွက် အဖွဲ့ဝင်များမှဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြား သည်။ ဆက်လက်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့၊ အတွင်းရေးမှူးက (၁/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် MSME ချေးငွေရရှိရေးအတွက် တင်ပြလျှောက်ထားလာသော လုပ်ငန်းစီမံချက်များ၊ နိုင်ငံတော်ထောက်ပံ့ငွေ ကျပ် (၁၇၀) ဘီလီယံမှ ချေးငွေမဟုတ်သည့် ကိစ္စရပ်များအတွက် လုပ်ထုံးလုပ်နည်းရေးဆွဲနိုင်ရေး အဆိုပြုတင်ပြခြင်း၊  စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဘဏ္ဍာရေးစည်းမျဉ်းအား အတည်ပြုထုတ်ပြန်နိုင်ရေးဆောင်ရွက်နေသည့်အခြေအနေ၊ မြန်မာ့စီးပွားရေးဘဏ်မှ MSME လုပ်ငန်းများသို့ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ရေးဆွဲထားမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးတက်ရောက်လာကြသည့် အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု သုံးသပ်ဆွေးနွေးကြသည်။ ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ရှေ့ဆက်လက်ဆာင်ရွက်မည့်လုပ်ငန်းစဉ်များအား ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)