စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပညာရည်ထူးချွန်ဆု၊ သင်တန်းထူးချွန်ဆု၊ အားကစားထူးချွန်ဆုများ ချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် ၉ ရက်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ပညာရည်ထူးချွန်ဆုချီးမြှင့်ခြင်း၊ သင်တန်းထူးချွန်ဆု၊ အားကစားထူးချွန်ဆုများ ချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် တက္ကသိုလ်ဝင်စာမေးပွဲများ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်းများ၏သားသမီးများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် ဝန်ကြီးဌာနအဆင့်သင်တန်းများတွင် ထူးချွန်ဆုရရှိသူဝန်ထမ်းများ၊ ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သူဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်ရသဖြင့် မင်္ဂလာရှိသည့်နေ့တစ်နေ့ဖြစ်ကြောင်း၊ ယခုကဲ့သို့ ထူးချွန်ဆုရရှိကြသူများသည် သာမန်ထက် ပိုမိုကြိုးစား အားထုတ်မှု၊ ဇွဲလုံ့လရှိမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝမှုများကြောင့် ထိုက်တန်သည့်ဆုများကို ရရှိခဲ့ကြသူများဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပညာရည်မြင့်မားရေးနှင့်လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်ရာတွင် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အသိပညာဗဟုသုတ မြင့်မားပြီး၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရေးကြီးကြောင်း၊ နည်းပညာသစ်များဖြင့် စိန်ခေါ်မှု၊ ပြိုင်ဆိုင်မှုများပြားသည့် ယနေ့ကမ္ဘာကြီးတွင် သားငယ်၊ သမီးငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချ၍ အစဉ်ကြိုးစားသင်ယူသွားကြရန်တိုက်တွန်းလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့်ရင်ပေါင်တန်းလိုက်နိုင်အောင် များစွာကြိုးစားရ မည်ဖြစ်ကြောင်း၊ ပင်ကိုယ်ဗီဇကပင် ဉာဏ်ရည်ဉာဏ်သွေးနှင့်ပြည့်စုံကြသူများဖြစ်ပြီး၊ လုံ့လဝီရိယ ရှိသူများဖြစ်ကြ၍ ယခုကဲ့သို့ ထူးချွန်စွာအောင်မြင်ကြခြင်းဖြစ်ရာ နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက်အားထားရသည့် လူငယ်များဖြစ်အောင်ကြိုးစားသွားကြမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ သင်တန်းထူးချွန်နှင့် အားကစားထူးချွန်ဆုရရှိကြသူများအနေဖြင့်လည်း ရရှိပြီးဖြစ်သည့် ဂုဏ်ကိုဆက်လက်ထိန်းသိမ်းပြီး ယခုထက်ပိုမိုကြိုးစားဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်၊ ဝန်ကြီးဌာနနှင့် မိမိတို့၏ဂုဏ်ကို မြှင့်တင်နိုင်ကြသူများ၊ နိုင်ငံတော်၏ကျေးဇူးသစ္စာကို တုံ့ပြန်ပေးဆပ်နိုင်ကြသူများ ဖြစ်နိုင်ကြစေရန် ဆန္ဒပြုပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ထို့နောက် ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက (၆) ဘာသာဂုဏ်ထူးရရှိသူ (၁၉) ဦးအားလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းတို့က (၅) ဘာသာဂုဏ်ထူးရရှိသူ (၁၉) ဦးအားလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက (၄) ဘာသာဂုဏ်ထူးရရှိသူ (၃၆) ဦး၊ (၃) ဘာသာဂုဏ်ထူးရရှိသူ (၄၄) ဦး၊ (၂) ဘာသာဂုဏ်ထူးရရှိသူ (၇၃) ဦး၊ (၁) ဘာသာဂုဏ်ထူး ရရှိသူ (၁၆၈) ဦး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်သင်တန်းများတွင် ထူးချွန်ဆုရရှိသူ (၁၂) ဦး၊ ဝန်ကြီးဌာန အဆင့်ထူးချွန်ဆုရရှိသူ (၇) ဦးနှင့် ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ဝန်ကြီးဌာနကိုယ်စားပြု ဘောလုံးအသင်း၊ အမျိုးသမီးလွန်ဆွဲအသင်း၊ ပြေးခုန်ပစ်အားကစား သမားများအား ဆုများပေးအပ်ချီးမြှင့်ကြပြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ တွင် ပညာသင်ကြားနေကြသောဝန်ထမ်းသားသမီးများသို့ ပညာသင်ထောက်ပံ့ကြေးများကို ချီးမြှင့်ပေးအပ်ပါသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆုရကျောင်းသားကျောင်းသူများ၊ သင်တန်းထူးချွန်ဆုရရှိသူများနှင့် အားကစားထူးချွန်ဆုရရှိသူများသည် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီးက ရင်သွေးငယ်များအား ထူးချွန်အောင် ပြုစုပျိုးထောင်ပေးခဲ့ကြသည့် မိဘဝန်ထမ်းများနှင့် ကြိုးစားဖြေဆိုအောင်မြင် ခဲ့ကြသည် ထူးချွန်သူ ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။ (သတင်းစဉ်)