စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း (JICA, Two Step Loan) စီမံကိန်းဦးဆောင်ကော်မတီအစည်းအဝေး (၂၂/၂၀၂၂) ကို ယမန်နေ့၊ နေ့လည်ပိုင်း တွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီမံကိန်းဦးဆောင်ကော်မတီ ဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက် ဆွေးနွေးမှာကြားသည်။

ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် JICA, Two Step Loan ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင်စတင်ခဲ့ပြီး ယခုအချိန်အထိ မြို့နယ်ပေါင်း (၁၈၇) ခုမှ တောင်သူ (၅၅၇၆) ဦးသို့ ချေးငွေ ကျပ် (၂၂၉.၉၇၉) ဘီလီယံ ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ ချေးငွေရယူထားသည့် တောင်သူများမှ အချိန်စေ့ရောက်၍ အရစ်ကျပြန်ဆပ်လာသည့်ငွေများကို ချေးငွေရယူလိုသည့် တောင်သူအသစ်များသို့ စဉ်ဆက်မပြတ် ထုတ်ချေးလျက်ရှိကြောင်း၊ ချေးငွေများ စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရန် ကြွေးကျန်များမဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ လယ်ယာသုံးစက် ကိရိယာများအပြင် ချေးငွေအမယ်သစ်များ ထုတ်ချေးပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက် စေလိုကြောင်း၊ ဥပမာအားဖြင့် ဆန်စက်ငယ်၊ ဆီစက်ငယ်များ၊ ဈေးကွက်ဝင် သီးနှံအမျိုးမျိုးအတွက် ထုတ်ချေးငွေများ စသည်ဖြင့်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် JICA Myanmar ရုံးအပါအဝင် ဆက်စပ်ဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် အမြဲမပြတ် ပူးပေါင်း ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးဦးမင်းသူနှင့် တာဝန် ရှိသူများက JICA, Two Step Loan ချေးငွေထုတ်ချေးပြီးစီးမှုနှင့် ဆက်လက်ထုတ်ချေးမည့် အခြေအနေ၊ JICA, Two Step Loan NPL ကျဆင်းရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ လယ်ယာသုံး စက်ပစ္စည်းကုမ္ပဏီများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးကြပါသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။