အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအစည်းအဝေး (၁/၂၀၂၁) ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၁၀

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးတို့ကို အထောက်အကူဖြစ်စေမည့် ဝင်ငွေ နည်းပြည်သူများ ငွေကြေးဝန်ဆောင်မှုကို လွယ်ကူသက်သာစွာရရှိရေးကို နိုင်ငံတော်မှ အလေးထား ဆောင်ရွက်လျက်ရှိရာတွင် အဆိုပါလုပ်ငန်းစဉ်များအား ကြီးကြပ်ကွပ်ကဲအကောင်အထည်ဖော် ဆောင်ရွက်သည့် အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့မွန်းလွဲ (၁) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်၍ အမှာ စကားပြောကြားပါသည်။ 
အစည်းအဝေးသို့ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များ၊ မြန်မာ နိုင်ငံအသေးစား ငွေရေးကြေးရေးလုပ်ငန်းများကူညီရေးအသင်းမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးမှူး များ တက်ရောက်ကြသည်။ 
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အမှာစကားပြောကြားရာ၌ အသေး စားငွေရေးကြေးရေးလုပ်ငန်းဥပဒေကို ၂၀၁၁ ခုနှစ်တွင် ပြဌာန်းခဲ့ပြီးနောက် ကျေးလက်နှင့် မြို့ပြနေ ဝင်ငွေနည်းပြည်သူများ၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် တရားဝင် ငွေကြေးဝန်ဆောင်မှုကို ကုန်ကျစရိတ်သက်သာစွာနှင့် လွယ်ကူစွာရရှိနိုင်ရေးအတွက် အသေးစား ငွေရေးကြေးရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ ယခုအချိန်အထိ အသေးစားငွေရေး ကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးသည့် INGO (၂) ဖွဲ့၊ NGO (၆) ဖွဲ့၊ ပြည်ပကုမ္ပဏီ (၅၃) ခု၊ ပြည်တွင်းကုမ္ပဏီ (၁၁၇) ခု၊ အစုစပ်ကုမ္ပဏီ (၈) ခု၊ စုစုပေါင်း (၁၈၆) ဖွဲ့ရှိနေပြီး မတည်ငွေရင်း ကျပ် (၈၂၂.၇၉၆) ဘီလီယံ၊ ထုတ်ချေးငွေ လက်ကျန် ကျပ် (၂,၄၃၃.၇၉၃) ဘီလီယံဖြင့် တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခုရှိ မြို့နယ်ပေါင်း (၂၅၉) မြို့နယ်၊ ရပ်ကွက် (၂,၁၇၂) ရပ်ကွက်၊ ကျေးရွာပေါင်း (၂၇,၂၃၆) ရွာရှိ အသင်းဝင်ဦးရေ (၅.၅၀၈) သန်းကို ငွေကြေးဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍအနေဖြင့် အရွယ်ရောက်ပြီးသူဦးရေ၏ (၁၆.၀၆)% ကို ငွေကြေးဝန်ဆောင်မှုပေးနိုင်သည့်အခြေအနေဖြစ်ကြောင်း၊
COVID-19 ရောဂါဖြစ်ပွားမှုကြောင့် လုပ်ငန်းများ ပုံမှန်မဆောင်ရွက်နိုင်စဉ်ကာလအတွင်း COVID-19 Economic Relief Plan (CERP) အရ မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ စီးပွားရေးချေးငွေ (Commercial Loan) ကာလတို (၃) နှစ် ချေးငွေထုတ်ချေးခြင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အခြေ တကျဆိုင်ဖွင့်ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ငယ်များသို့ အထူးသက်သာသောအတိုးနှုန်းဖြင့် ချေးငွေထုတ်ချေးခြင်း၊ COVID-19 ဒုတိယလှိုင်းကာလတွင် ထိခိုက်မှု အများဆုံးဖြစ်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လုပ်ငန်း လုပ်ကိုင်နေသည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ရွှေ့ဆိုင်းချေးငွေများ ထုတ်ချေး ပေးခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ 
အဆိုပါချေးငွေများရယူထားသည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် သတ်မှတ်ကာလအတွင်း ချေးငွေပြန်လည်ပေးဆပ်ရာတွင် အခြေအနေလိုအပ်ချက်အရ ချေးငွေ သက်တမ်းတိုးမြှင့်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ 
မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်း အနေဖြင့်လည်း အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက် အခဲများကို မြေပြင်လက်ရှိအခြေအနေများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးရန် လိုအပ်ပါကြောင်း၊ 
အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ရေရှည်ရပ်တည် ဆောင် ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီကြရန် ဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၊ ဒုတိယဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဦးမောင်မောင်ဝင်းက  အသေးစားငွေရေး ကြေးရေးလုပ်ငန်းကဏ္ဍ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပါသည်။
ထို့နောက် အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ငွေရေး ကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ 
ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က အသေးစားငွေရေး ကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသို့တင်ပြသည့် လိုင်စင်လျှောက်ထားမှုများ၊ အမြဲတမ်းလိုင်စင် ထုတ်ပေးရေး၊ အပ်ငွေလက်ခံသည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းအဖြစ်ခွင့်ပြုရေး စသည့် ဆုံးဖြတ်ရန်အချက်များနှင့် မှတ်တမ်းတင်ရန်အချက်များကို တင်ပြပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းက  အသေးစားငွေရေးကြေးရေးလုပ်ငန်းအဖွဲ့အစည်းများကြုံတွေ့ရသော အခက်အခဲများ၊ ဖြေရှင်း ဆောင်ရွက်ပေးရန်လိုအပ်သည့်အချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။ 
ယင်းနောက် အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များက အသေး စားငွေရေးကြေးရေးလုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့်ကုမ္ပဏီများမှတင်ပြထားသည့် အဆိုပြုချက်များအပေါ် အသေးစိတ်ညှိနှိုင်းဆွေးနွေးကြပြီးနောက် ကော်မတီမှ စိစစ်သုံးသပ် ဆောင်ရွက်ပေးခဲ့ပါသည်။ 
ထို့နောက် ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိဂုံးချုပ်ပြောကြားရာတွင် အသေးစားငွေရေးလုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် လူထုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး အတွက် ချေးငွေများထုတ်ချေးရာတွင် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ငွေချေးယူသူများအနေဖြင့်လည်း ချေးယူထားသည့်ချေးငွေများအား သတ်မှတ်ချိန်အတွင်း ပြန်လည်ပေးဆပ်နိုင်ရေးအတွက် သက်ဆိုင်ရာအသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများက ကြုံတွေ့နေရသည့်အခြေအနေများအား ဆက်စပ်စဉ်းစား၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊
ပြည်သူလူထုအတွက် အထောက်အကူဖြစ်စေမည့် အသေးစားငွေရေးကြေးရေးလုပ်ငန်းများဖြစ်စေရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 
သတင်းစဉ်